Wednesday, March 5, 2014

ခင်ဦးမြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်များကို ဆန္ဒပြသဖြင့် တရားစွဲခံရသူ ဒေသခံသုံးဦးအား မတ် ၆ ရက်တွင် စီရင်ချက်ချမည်

ခင်ဦးမြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်များကို ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့သော ဒေသခံသုံးဦးအား မတ် ၆ ရက်တွင် ရွှေဘိုမြို့နယ် တရားရုံး၌ အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
အုပ်ချုပ်ရေးအာဏာ အလွဲသုံးမှုများ၊ မြေယာပြသနာများနှင့် တရားစီရင်ရေး မမျှတမှုများကြောင့် ဒေသခံ ၁၅၀ ခန့် ပါဝင်ခဲ့သော ဆန္ဒပြမှုတွင် ဦးညွန့်ဆွေ၊ ဒေါ်စိန်မြင့်နှင့် ဦးထွန်းလင်းတို့ တရားစွဲဆိုခံခဲ့ရပြီး မတ် ၄ ရက်က အပြီးသတ် လျှောက်လွှဲချက်တင်ခဲ့ကြောင်း တရားခံရှေ့နေ ဒေါ်ဝင်းနန္ဒာက ပြောကြားသည်။

နယ်မြေမတည်ငြိမ်အောင် လုပ်တယ်ဆိုပြီး ပုဒ်မ ၅၀၅(ခ)တပ်ခဲ့တယ်။ တရားရုံး စစ်ချက်တွေအရတော့ မြို့နယ်မှူးတင်ပြတဲ့ လက်မှတ်တွေဟာ လွဲချော်မှုတွေ ရှိနေ . . . . .

“သုံးဦးစလုံးကတော့ ထုံးစံအတိုင်း ပုဒ်မ ၁၈ ပေါ့။ ဦးညွန့်ဆွေကတော့ ပုဒ်မ ၅၀၅(ခ)ပါ အဆစ်ပါသွားတယ်” ဟု ၈၈ ကွန်ရက် (ခင်ဦး) အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ ပုဒ်မ ၅၀၅(ခ)ဖြင့် စွဲဆိုမှုအား ဝေဖန်မှုများရှိနေပြီး တရားရုံးထွက်ဆိုချက်များတွင် အငြင်းပွားဖွယ်များ ရှိနေသည်ဟု ပြောဆိုမှုများရှိနေသည်။

“ခင်ဦးမြို့နယ်မှူးက ဦးညွန့်ဆွေဟာ တောင်သူတွေအပေါ် လက်မှတ်လိမ်လည် ရယူတယ်။ နယ်မြေမတည်ငြိမ်အောင် လုပ်တယ် ဆိုပြီး ပုဒ်မ ၅၀၅(ခ)တပ်ခဲ့တယ်။ တရားရုံး စစ်ချက်တွေအရတော့ မြို့နယ်မှူးတင်ပြတဲ့ လက်မှတ်တွေဟာ လွဲချော်မှုတွေ ရှိနေ တယ်” ဟု တရားခွင်တွင် လိုက်ပါဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

ပုဒ်မ ၅၀၅ (ခ)အရ ငွေဒဏ်မှ အမြင့်ဆုံး ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်ခံရနိုင်ပြီး ပုဒ်မ ၁၈ နှင့် တစ်ပေါင်းတည်း ပြစ်ဒဏ်ချ မှတ်ပေးရန် တင်ပြထားကြောင်း ရှေ့နေဒေါ်ဝင်းနန္ဒာက ပြောကြားသည်။

ပထမအကြိမ် ဆန္ဒပြမှုကြောင့် ဒေသခံငါးဦးအား တရားစီရင်ပုံမှာ ဝေဖန်စရာများ ဖြစ်နေပြီး အထက်အမိန့်အရ လုပ်ဆောင်နေ ရခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ “ပထမအကြိမ် ငါးဦးထောင်ချခံရတုန်းက ဇန်န၀ါရီလကုန်မှာ အမိန့်ချမယ်လို့ ပြောတယ်။ အဲဒီရက်လည်းတော့ အထက်က အမိန့်မရလို့ နှစ်ပတ်ရွှေ့ပြီး ချိန်းခဲ့တယ်” ဟု ၈၈ ကွန်ရက်(ခင်ဦး)အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ပြဿနာများကို ဖြေရှင်းပေးခြင်းမရှိပဲ တရားစွဲဆိုမှုသာ ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံများ အခက်တွေ့ကြရပြီး ဆန္ဒပြရန် တရားဝင် ခွင့်ပြုမိန့် တောင်းခံရာတွင် အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက်ခဲ့သည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment