Wednesday, March 26, 2014

ကညန၏ အခွန်လျှော့ချရေး အစီအစဉ်သစ်အရ လူအများစုစီးသည့်ကားများ ကျပ်သုံးသိန်းကျော်မှ သိန်း ၅၀ နီးပါးအထိ သက်သာပြီး လူနည်းစုစီးသည့် ကားသစ်များ ကျပ်သိန်း ၂၀၀ နီးပါးအထိ သက်သာခွင့်ရမည်


၂၀၁၄ ခုနှစ် မတ် ၂၅ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကညန၏ မော်တော်ယာဉ်များ အပေါ် ကောက်ခံသည့် အခွန်နှုန်းထားများ လျှော့ချပေးမှု ထုတ်ပြန်ချက်အရ ဆိုပါက လူအများစု စီးနင်းနိုင်သည့် ကားများမှာ ကျပ်သုံးသိန်းကျော်မှ ကျပ်သိန်း ၅၀ နီးပါးအထိသာ သက်သာခွင့်ရပြီး လူနည်းစု စီးသည့် တန်ဖိုးမြင့်ကားသစ်များမှာ ကျပ်သိန်း ၂၀၀ ၀န်းကျင်အထိ သက်သာခွင့်ရကြောင်း သိရသည်။
ကညနမှ ကောက်ခံလျက်ရှိသည့် မှတ်ပုံတင်ခ နှုန်းထားများကို လျှော့ချရာတွင် အိမ်စီးကားများ၏ မှတ်ပုံတင်ခနှုန်းထားများသာ အဓိက လျော့ကျခဲ့ခြင်း ဖြစ်သည်။

အိမ်စီးကားများကို ယခင်က အင်ဂျင်ပါဝါ ၁၃၅၀ စီစီနှင့်အောက် ဆိုပါက မူလကားဈေးနှုန်း (FOB) အပေါ် ရာခိုင်နှုန်း ၅၀ ကောက်ခံရာမှ ယခုအခါ ရာခိုင်နှုန်း ၃၀ သို့လည်းကောင်း၊ ၁၃၅၁ စီစီမှ ၂၀၀၀ စီစီအထိ ဆိုပါက မူလကားတန်ဖိုး (FOB) အပေါ် ယခင်က ရာခိုင်နှုန်း ၈၀ ကောက်ခံရာမှ ယခုအခါ ရာခိုင်နှုန်း ၅၀ သို့လည်းကောင်း၊ ၂၀၀၁ စီစီမှ ၅၀၀၀ စီစီအထိဆိုပါက ယခင်က FOB ဈေးအပေါ် ရာခိုင်နှုန်း ၁၀၀ ကောက်ခံရာမှ ယခုအခါ ရာခိုင်နှုန်း ၈၀ သို့လည်းကောင်း လျှော့ချခဲ့ခြင်းဖြစ်သည်။
၅၀၀၀ စီစီနှင့်အထက် ကားများကိုမူ ယခင်ရာခိုင်နှုန်း ၁၂၀ အတိုင်းသာ မပြောင်းလဲပဲ ကောက်ခံ မည်ဖြစ်ကြောင်း ကညနမှ ထုတ်ပြန်ခဲ့သည်။
ထို့အတွက် ဈေးကွက်အတွင်း အများဆုံး ၀ယ်ယူစီးနင်းသည့် ၁၃၀၀ စီစီကားများမှာ ယခင်ကထက် မှတ်ပုံတင်ကြေး ကျပ်ရှစ်သိန်းဝန်းကျင် သက်သာသွားမည်ဖြစ်သည်။
ကားဟောင်းအပ်သည့် စလစ်ဖြင့် တင်သွင်းရသည့် ကားအများစုမှာမူ ကျပ်သုံးသိန်းကျော်မှ ကျပ်သိန်း ၅၀ နီးပါးအထိ သက်သာခွင့် ရရှိမည်ဖြစ်သည်။
သို့သော် လူနည်းစုသာ ၀ယ်ယူစီးနင်းနိုင်သည့် Brand New ကားအများစုမှာမူ ကျပ်သိန်း ၂၀၀ နီးပါးအထိပင် သက်သာခွင့် ရရှိမည်ဖြစ်သည်။
ကားဟောင်းအပ်သည့် စလစ်ဖြင့် တင်သွင်းရ စီးနင်းရသော ကားများထဲတွင် အများစု စီးနင်းလျက်ရှိသည့် ကားများထဲတွင် ဆလွန်းကားဆိုပါက အမေရိကန်ဒေါ်လာ ၄၀၀၀ မှ အမေရိကန်ဒေါ်လာ ၁၄၀၀၀ ကြား ကားအမျိုးအစားများကိုသာ အများဆုံး ၀ယ်ယူစီးနင်းလျက်ရှိရာ အဆိုပါကားများ အနေဖြင့် ယခုပြင်ဆင် လိုက်သည့် မှတ်ပုံတင်ကြေးအရ ဆိုပါက အနည်းဆုံး ကျပ်သုံးသိန်းကျော်မှ အများဆုံး ကျပ် ၁၃ သိန်းကျော်အထိ သက်သာမည်ဖြစ်သည်။
ဝက်ဂွန်ကားများထဲတွင် ကားဟောင်းအပ်၍ တင်သွင်းစီးနင်းမည် ဆိုပါက အမေရိကန်ဒေါ်လာ ၄၅၀၀ မှ ၂၅၀၀၀ ကြားသာ အများဆုံး ၀ယ်ယူစီးနင်းကြသည့်အတွက် ယခုလျှော့ချပေးသည့် မှတ်ပုံတင်ကြေးအရ ဆိုလျှင် အနည်းဆုံး ကျပ်လေးသိန်းကျော်မှ အများဆုံး ကျပ် ၂၄ သိန်းကျော်အထိ သက်သာခွင့် ရမည်ဖြစ်သည်။
ကားဟောင်းအပ်သည့် စလစ်ဖြင့် တင်သွင်းစီးနင်းရသော ကားများထဲတွင် ဈေးမြင့်မားသည့် ၂၀၀၈ မော်ဒယ် Landcruiser အမျိုးအစား ဆိုလျှင်ပင် အမေရိကန်ဒေါ်လာ ၄၅၅၀၀ သတ်မှတ်ထားသည့် အတွက် ယခင်ကထက် မှတ်ပုံတင်ကြေး ပေးသွင်းရာတွင် ကျပ် ၄၅ သိန်းနီးပါးသာ သက်သာခွင့်ရမည်ဖြစ်သည်။ သို့သော် လူအနည်းစုသာ စီးနင်းနိုင်သော တန်ဖိုးမြင့် Brand New ကားသစ်များဖြစ်သည့် BMW, Mercedes, Ford, Lexus ကားများကဲ့သို့သော အမျိုးအစားမှာမူ ကျပ်သိန်း ၂၀၀ နီးပါးအထိ သက်သာခွင့်ရမည် ဖြစ်သည်။
“အများစုစီးနေတဲ့ ၁၃၀၀ စီစီကားတွေက ကျပ်ရှစ်သိန်းလောက် သက်သာမယ်။ ကားဟောင်းအပ်ပြီးစီးရတဲ့ ဆလွန်းကားထဲမှာ အများဆုံးစီးတာက ဥပမာ-အနည်းဆုံး အမေရိကန်ဒေါ်လာ ၄၀၀၀ ကနေ အများဆုံး ၁၄၀၀၀ ကြားစီးတယ်၊ အမြင့်ဆုံးမှ ၂၅၀၀၀ လောက်အထိပဲ စီးတယ်။ အဲဒီအတွက် အနည်းဆုံး ကျပ်သုံးသိန်းကျော် လေးသိန်းနီးပါးကနေ အများဆုံး ကျပ် ၂၄ သိန်းလောက် သက်သာမယ်။ ၀က်ဂွန်ထဲမှာ ဆိုရင်လည်း အနည်းဆုံးဒေါ်လာ ၄၅၀၀ ကနေ အများဆုံး ဒေါ်လာ ၂၅၀၀၀ တန်လောက်ပဲ အများဆုံးစီးတာ။ အမြင့်ဆုံးစီးရင် ဒေါ်လာ ၄၅၅၀၀ တန်စီးတယ်။ အဲဒါက Toyota Landcruiser ၂၀၀၈ ဒီဇယ် အမျိုးအစားပေါ့။ အခုလျှော့ပေးတဲ့နှုန်းအရ ကျပ်လေးသိန်းနီးပါးကနေ ကျပ် ၄၅ သိန်းလောက်အထိ သက်သာမယ်။ ဒါပေမဲ့ ၂၀၁၃၊ ၂၀၁၄ မော်ဒယ်ကားသစ်တွေ စီးမယ့်လူကျတော့ ကျပ်သိန်း ၂၀၀ လောက်အထိ သက်သာသွားနိုင်တယ်။ ဥပမာ-Mercedes S Class 500L ဆိုရင် အမေရိကန်ဒေါ်လာ ၁၁၀၀၀၀ အထိ သတ်မှတ်ထားတာ။ ဒီတော့ မှတ်ပုံတင်ကြေးက ၂၀ ရာနှုန်း လျှော့လိုက်တဲ့အတွက် ကျပ်သိန်း ၁၈၀ နီးပါးအထိ သက်သာသွားမယ်။ Mercedes S Class 500 ဆိုရင်လည်း ကျပ်သိန်း ၁၆၀ နီးပါးလောက်အထိ သက်သာမယ်။ BMW 5 Series ဆိုရင်လည်း ကျပ်သိန်း ၁၀၀ လောက်တော့ အနည်းဆုံး သက်သာသွားမှာပဲ။ ဒီထက်ဈေးကြီးရင် ဒီထက်အခွန်သက်သာခွင့် ရလေဆိုတော့ တချို့အမျိုးအစားဆို ကျပ်သိန်း ၂၀၀ နီးပါးလောက်အထိ သက်သာခွင့်ရမှာတွေ ရှိသေးတယ်” ဟု Distinct Trading မှ ကိုထွဋ်ထိပ်က တွက်ချက်ပြောကြားခဲ့သည်။
ကားရောင်းဝယ်သူ ကိုဝင်းထွဋ်က “အခုပြင်လိုက်တဲ့ မှတ်ပုံတင်ကြေးအရ ဆိုရင်တော့ ကားသစ်စီးနိုင်တဲ့ လူနည်းစုအတွက်တော့ တန်ဖိုးကြီးလေ ပိုပြီးအခွန်သက်သာလေပါပဲ” ဟု ပြောပြခဲ့သည်။
မြန်မာနိုင်ငံတွင် Brand New ကားများဖြစ်သော Mercedes, Mazda အမှတ်တံဆိပ် ကားများအား ဦးအောင်မိုးကျော် (IBTC)၊ Jaguar, Ford အမှတ်တံဆိပ်ကားများကို ဒေါက်တာကိုကိုကြီး (Capital)၊ BMW အမှတ်တံဆိပ်ကို ရွှေတောင်ကုမ္ပဏီ၊ Chevrolet အမှတ်တံဆိပ်ကို ဦးဇော်မိုးခိုင် (AA)တို့က ရရှိထားပြီး အခြားအမှတ်တံဆိပ် Brand New ကားများလည်း တင်သွင်းရောင်းချခွင့်ရသူ များစွာရှိနေပါသည်။ ယခု ကညန၏ လျှော့ပေးချက်အရ ဆိုပါက Brand New ကား ၀ယ်ယူစီးနင်းသူများအတွက် အဆင်ပြေရာရောင်း ချသည့် Showroom များ အနေဖြင့်လည်း ပိုမိုအကျိုးဖြစ်ထွန်းမည့် အနေအထား ဖြစ်နေ သည်။

Eleven Media Group

No comments:

Post a Comment