Saturday, March 1, 2014

ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှု ဆိုင်ရာ လုပ်ငန်းများအတွက် ဥပဒေ ပြဋ္ဌာန်းမည်

နိုင်ငံတော်အတွင်း ပြည်သူလူထု၏ လုံခြုံရေး ပြဿနာများကို ဖြေရှင်းရာတွင် စနစ်တကျ ဖြစ်စေရန် ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှု ဆိုင်ရာ လုပ်ငန်းများ အတွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။


ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြင့်ကြည်၏ ပုဂ္ဂလိက လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ အတွက် နည်းဥပဒေများ၊ ညွှန်ကြားချက်များ ပြဋ္ဌာန်းထားခြင်း ရှိ မရှိ မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ အတွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ခြင်း မရှိသော်လည်း နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ စံချိန် စံနှုန်းများနှင့် အညီ ဖြစ်စေရန် ဥပဒေ ပညာရှင်များ၏ အကူအညီကို ရယူပြီး ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေးကို စီစဉ် ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

“ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်းတွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် တရားဥပဒေ စိုးမိုးရေးကို တစ်ဖက် တစ်လမ်းကနေ အထောက်အကူ ပြုနေတဲ့ အရန် အင်အားတွေ ဖြစ်တာကြောင့် ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် လုံခြုံရေး ဝန်ဆောင်မှု ကုမ္ပဏီများသည် အရည်အချင်း ပြည့်မီသူများကို ရွေးချယ်ကာ ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများ ပို့ချပြီး ငှားရမ်းလိုသော အလုပ်ရှင်များနှင့် နှစ်ဦး သဘောတူ ညှိနှိုင်းကာ လုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ပုဂ္ဂလိက လုံခြုံရေး လုပ်ငန်းများတွင် လုံခြုံရေး ပြဿနာ အများစုကို ကိုင်တွယ် ဖြေရှင်းရာတွင် စည်းကမ်း စနစ်တကျ မရှိ ဖြစ်နေသောကြောင့် ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ကာ ပြဋ္ဌာန်း ပေး သင့်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြင့်ကြည်က ထောက်ပြ ပြောဆိုသည်။

“ပြဿနာ တော်တော်များများမှာ ရဲတပ်ဖွဲ့ဝင်တွေကိုပဲ အားကိုး နေရတာကို တွေ့ရပါတယ်။ သူတို့ ကိုယ်တိုင် စနစ်တကျ ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိပါဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ ပုဂ္ဂလိက လုံခြုံရေး လုပ်ငန်းများကို ၁၉၁၃ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပါ ပြဋ္ဌာန်း ချက်နှင့် အညီ အသင်းအဖွဲ့ မှတ်တမ်းနှင့် စည်းမျဉ်းများ ရေးဆွဲပြီး အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနတွင် မှတ်ပုံတင် ပြုလုပ်ပေးလျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment