Saturday, March 1, 2014

မြန်မာနိုင်ငံတွင် သောက်သုံးရေ ပေးဝေရေး အမေရိကန် ဒေါ်လာ ၂ သန်း ထောက်ပံ့မည်

အမေရိကန် ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) နှင့် အမေရိကန် အခြေစိုက် Procter & Gamble (P & G) ကုမ္ပဏီတို့က မြန်မာနိုင်ငံ အနှံ့တွင် သန့်ရှင်းသော သောက်သုံးရေ ပေးဝေနိုင်ရေး အတွက် အမေရိကန် ဒေါ်လာ ၂ သန်း ထောက်ပံ့မည် ဖြစ်ကြောင်း USAID က ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် သတင်း ထုတ်ပြန်လိုက်သည်။


အဆိုပါ စီမံကိန်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မြန်မာနိုင်ငံသို့ စတင် ရောက်ရှိနေသည့် USAID အကြီးအကဲ မစ္စတာ Rajiv Shah ပေးခဲ့ခြင်း ဖြစ်ပြီး ပထမဦးဆုံး သောက်သုံးရေ တစ်လီတာကို ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ်ရှိ ရပ်ကွက် တစ်ခုတွင် ၎င်းကိုယ်တိုင် ဖြန့်ဝေ ပေးခဲ့သည်။

“ကျန်းမာသော မြန်မာ့နိုင်ငံ ဖြစ်လာရေး အတွက် ပူးပေါင်း ဆောင်ရွက်မှု” အစီအစဉ်ဖြင့် မြန်မာနိုင်ငံအနှံ့ မသန့်ရှင်းသော သောက်သုံးရေကြောင့် ဖြစ်ပွားနေသည့် ဝမ်းပျက် ဝမ်းလျှောနှင့် သေဆုံးမှုများကို ကာကွယ်ရန် ကလေးငယ်များနှင့် မိခင်များအတွက် အမေရိကန် ပြည်ထောင်စု အခြေစိုက် Procter & Gamble ကုမ္ပဏီက သောက်သုံးရေ လီတာ သန်း ၁၀၀ ကျော်ကို လှူဒါန်းမည် ဖြစ်ပြီး Population Services International က အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း USAID ၏ ကြေညာချက်များ အရ သိရသည်။

အဆိုပါ အစီအစဉ်အရ သောက်သုံးရေ သန့်ရှင်းစွာ မရရှိသည့် ဒေသများတွင် P & G ကုမ္ပဏီက ထုတ်လုပ်သည့် ရေသန့်စက်များကို အသုံးပြု၍ ရေသန့်များကို ဖြန့်ဝေသွားမည် ဖြစ်ကြောင်း USAID ၏ အကြီးအကဲ Dr.Rajiv Shah က ဆိုသည်။

“မသန့်ရှင်းတဲ့ ရေတွေကြောင့် ဝမ်းပျက် ဝမ်းလျှော ရောဂါတွေ ဖြစ်ပြီးတော့ နှစ်စဉ် ကလေးငယ် ၁၂၀၀၀ ကျော် မြန်မာနိုင်ငံမှာ သေဆုံးနေရတာပါ။ အဲဒီ ပြဿနာတွေ ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ အခုလို အကူအညီ ပေးတာပါ” ဟု Dr.Rajiv Shah က ပြောကြားသည်။

P & G ကုမ္ပဏီသည် ကလေးသူငယ်များ ကျန်းမာရေး အတွက် သောက်သုံး ရေများကို ကမ္ဘာ့အနှံ့ ဖြန့်ချိနေသော အမေရိကန် ပြည်ထောင်စု အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သည်။

P & G နှင့် USAID တို့ ပူးပေါင်း ဆောင်ရွက်မည့် အဆိုပါ ရေသန့် ဖြန့်ချိရေး စီမံကိန်းကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် Population Services International အဖွဲ့အစည်းက အစီအစဉ်များ ချမှတ်၍ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း USAID ၏ ကြေညာချက်များ အရ သိရသည်။

The Voice Weekly

No comments:

Post a Comment