Sunday, March 9, 2014

မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ခရီးစဉ် ဒေသဆု ပေးအပ် ချီးမြှင့်ရန် ဥရောပ ခရီးသွားကောင်စီ ကမ်းလှမ်း

ဥရောပ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေး ကောင်စီ (EUROPEAN UNION COUNCIL ON TOURISM AND TRADE) က ၂၀၁၄ ခုနှစ်၏ ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆု (The AWARD FOR WORLD BEST TOURIST DESTINATION FOR 2014) မြန်မာနိုင်ငံကို ပေးအပ် ချီးမြှင့်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်ကို ကမ်းလှမ်းထားကြောင်း အဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အတွက် အနှစ်သက်ဆုံး ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ခရီးစဉ်ဒေသ (MYANMAR FAVORITE CULTURAL DESTINATION FOR 2014) အဖြစ်လည်း ကြေညာသွားမည် ဖြစ်ကြောင်း အဆိုပါ ကမ်းလှမ်းစာတွင် ဖော်ပြ ပါရှိသည်။

အဆိုပါ ကောင်စီအနေနှင့် သမိုင်းအစဉ်အလာ ကြီးမားသော၊ ယဉ်ကျေးမှု အမွေအနှစ်များ စစ်မှန်သော ကမ္ဘာ့အဖိုးတန် နေရာ၊ အာရှ၏ ဆွဲဆောင်မှု အရှိဆုံးနေရာ စသည့် ဂုဏ်သတင်း များဖြင့် ကမ္ဘာပေါ်ရှိ အလှဆုံး ဒေသထဲမှ တစ်ခုအဖြစ် လည်းကောင်း၊ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ခရီးစဉ်ဒေသ အဖြစ် လည်းကောင်း ကမ္ဘာလှည့် ခရီးသည်တို့အား ပိုမို ဆွဲဆောင်နိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းကဏ္ဍ ပိုမို ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်း မြှင့်တင် ဆောင်ရွက်လိုသည့် ရည်ရွယ်ချက် များဖြင့် မြန်မာနိုင်ငံကို ယင်းဆု ပေးအပ်လိုခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရှိရသည်။ 

ကမ္ဘာ့အကောင်းဆုံး ခရီးစဉ် ဒေသဆု WORLD BEST TOURIST DESTINATION AWARD ကို ၂၀၀၇ ခုနှစ်မှ စတင် ချီးမြှင့်ခဲ့ပြီး ကမ္ဘာပေါ်ရှိ ခရီးသွားလုပ်ငန်း ကဏ္ဍအတွက် ပေးအပ်သော ဆုများအနက် အမြင့်ဆုံးသော ဆုတစ်ခု ဖြစ်ကာ United Nations Tourism Division၊ UNESCO၊ European Union Council on Tourism and Trade (ECTT) စသည့် အဖွဲ့အစည်း များမှ သတ်မှတ်ထားသော ခရီးသွား လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်များ၊ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ၏ လုံခြုံမှု၊ နိုင်ငံ၏ ပြယုဂ်ဖြစ်သော ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက် ထားရှိမှု စသည့် အချက်များကို နိုင်ငံများမှ လိုက်နာမှုအပေါ် မူတည်၍ အဆိုပါဆုကို ပေးအပ်ခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနထံမှ သိရှိရသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ များနှင့် ခရီးသွား အာဏာပိုင်များ တက်ရောက်မည့် ASEAN ခရီးသွားလုပ်ငန်း ဖိုရမ်ကို မြန်မာနိုင်ငံက ပထမဦးဆုံးအကြိမ် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ပြီး ဖိုရမ် ကျင်းပချိန်တွင် ဆွေးနွေး ဘက်နိုင်ငံများက ASEAN ခရီးသွားလုပ်ငန်း ဝန်ကြီးများ အဆင့်နှင့် အမျိုးသားခရီးသွား အာဏာပိုင် အဖွဲ့၏ အစည်းအဝေး များလည်း ကျင်းပမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment