Friday, March 21, 2014

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခများ ဧပြီလ ၁ ရက် ပြန်လည် ကောက်ခံမည်

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နား ကန့်သတ် နေရာများတွင် ယာဉ်ရပ်နားခ ကောက်ခံခြင်းကို တစ်နှစ် ရပ်နားထားရာမှ ယခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြန်လည် ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီး တန်း အရာရှိ တစ်ဦးက ပြောကြားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်သူများ အဆင်ပြေစွာ ယာဉ်ရပ်နိုင်စေ ရန် အခမဲ့ စီစဉ်ပေးခဲ့ကြောင်း၊ ငွေကြေး တစ်စုံတစ်ရာ မပေးရသဖြင့် အချိန်ကြာ ယာဉ်ရပ်နားခြင်း၊ စည်း ကမ်း မဲ့ ယာဉ်ရပ်နားခြင်း၊ ယာဉ်နှစ်ထပ် ရပ်နားခြင်း၊ လမ်းပိတ်ဆို့မှုများ ဖြစ်ပွား လာသောကြောင့် ယာဉ်ရပ်နားခ ပြန်လည် ကောက်ခံရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယာဉ်ရပ်နားခ ပြန်လည် ကောက်ခံရာတွင် တစ်နာရီလျှင် ကျပ် ၂၀၀ နှုန်းဖြင့် ဗိုလ်ချုပ်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်အောင်ကျော်လမ်းနှင့် လမ်းမတော် လမ်းကြားတွင် အမည်တပ် လမ်းမနှင့် လမ်းများ၌သာ ကောက်ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) ထံမှ သိရှိရသည်။ 

“အခုဆို နေရာတိုင်းနီးပါး ကားတွေက အထိုင် ရပ်ထားကြတာ။ ဒီလို ပိုက် ဆံကောက်ရင် ဘာမှ မလုပ်ဘဲ အချိန်ပြည့် ကားရပ်ထားတဲ့ သူတွေ အနည်းနဲ့ အများတော့ လျော့သွားမှာပဲ။ အဲဒီတော့ အမှန်တကယ် ကိစ္စရှိလို့ ရပ်ချင် သူလောက်ပဲ ရပ်မှာဆိုတော့ ပိုက်ဆံကောက်တာ ကောင်းပါတယ်” ဟု အငှားယာဉ်မောင်း ဦးကျော်မြင့်က ပြောကြားသည်။

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နား ကန့်သတ်မှု ဇုန်များဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း လမ်းနှင့် ကမ်းနားလမ်းကြား၊ လမ်းမတော်နှင့် ဗိုလ်အောင်ကျော်လမ်းကြားရှိ ယာဉ်ရပ်နား ကန့်သတ်ဇုန် ၁၀ ခုတွင် မော်တော်ယာဉ် တစ်စီး ရပ်နားခ တစ်နာရီလျှင် ကျပ်နှစ်ရာဖြင့် ကောက်ခံခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တစ်နှစ်တာ ယာဉ်ရပ်နားခ ကောက်ခံငွေ ကျပ်သိန်း ၁၄,၁၀၀ ကျော် ရရှိခဲ့ကြောင်း၊ အခမဲ့ ယာဉ်ရပ်နားခွင့်များကို ၂၀၁၃ ခုနှစ် ဧပြီလက စတင်ခဲ့ပြီး မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံမှုကို ဖျက်သိမ်းခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment