Friday, March 21, 2014

ပြင်သစ် Pierre et Marie Curie တက္ကသိုလ်နှင့် ရန်ကုန်ဆေးတက္ကသိုလ် ပူးပေါင်းမည်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Pierre et Marie Curie တက္ကသိုလ်နှင့် ရန်ကုန်ဆေးတက္ကသိုလ်တို့ အကြား ပညာရပ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ၂၀၁၄ ခုနှစ်တွင် စတင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

ယင်းတက္ကသိုလ် နှစ်ခုကြား သဘောတူညီချက်ကို ၂၀၁၃ ခုနှစ် ဇူလိုင်လက သဘောတူ ရေးထိုးခဲ့သော်လည်း ယခုနှစ် မတ်လ ၂၀ ရက်တွင်မှ ရန်ကုန်ဆေးတက္ကသိုလ်သို့ တရားဝင် ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

ပြင်သစ်အစိုးရသည် ရန်ကုန်နှင့် မန္တလေးရှိ HIV/AIDS နှင့် ကူးစက်ရောဂါ အထူးကု ဆရာဝန် ၁၄ ဦးကို ပြင်သစ်နိုင်ငံသို့ ခေါ်ယူကာ ကူးစက်ရောဂါနှင့် ဆက်နွှယ်သော သင်တန်းများ ပို့ချပေးခဲ့ပြီး ၎င်းတို့မှ တစ်ဆင့် ပြည်တွင်းရှိ ဆရာဝန်များထံ ပြန်လည် ဖြန့်ဝေစေခဲ့ကြောင်း၊ ယင်းတက္ကသိုလ် နှစ်ခု ပူးပေါင်းရေးနှင့် ကူးစက်ရောဂါများ ကုသရေး အစီအစဉ် အားလုံးကို ပဲရစ်မြို့ရှိ Saint Antoine ဆေးရုံမှ ပါမောက္ခ Odile Picard က ၁၉၉၆ ခုနှစ်ကတည်းက ဦးဆောင် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ဆက်လက် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အတွက် ဦးစားပေး ကူညီရန် စီစဉ်ထားပြီး ၁၉၉၆ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ပြင်သစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၄ သန်း ထောက်ပံ့ပေးခဲ့ကြောင်း ပြင်သစ် သံရုံးက ထုတ်ပြန်သည်။

The Voice Weekly

No comments:

Post a Comment