Saturday, April 19, 2014

ကေအိုင်အေနှင့် တပ်မတော်အကြား ပစ်ခတ်မှုများ နှစ်ဆန်းနှစ်ရက်အထိ ဆက်တိုက်ဖြစ်



ကချင်ပြည်နယ်တွင် ဧပြီလဆန်းမှ စတင်ဖြစ်ပွားနေသည့် တပ်မတော်နှင့် ကေအိုင်အေတပ်များ အကြား အပြန်အလှန် ပစ်ခတ်မှုများမှာ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းအထိ ဆက်လက် ဖြစ် ပွားနေကြောင်း ကေအိုင်အို နည်းပညာအဖွဲ့ (TAT) မှ ပြောခွင့်ရသူ ဦးဒေါင်ခါးက The Voice သို့ ပြောကြား သည်။
သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ကာလအတွင်း မိုးမောက်မြို့နယ်၊ မန်စီမြို့နယ်နှင့် မန်ဝိန်းကြီးကျေးရွာနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားခဲ့သည့် အကြိမ်အရေ အတွက် အတိအကျကိုမူ မသိရှိရသေးကြောင်း၊ ဧပြီလ ၁၇ ရက်နှင့် ၁၈ ရက်နေ့များ၌ မိုးမောက်မြို့နယ်
တဂေါ်ကျေးရွာ အနီးတစ်ဝိုက်တွင် အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဦးဒေါင်ခါးက ဆိုသည်။
“သင်္ကြန်ရက်တွေမှာ နေ့စဉ် ဆိုသလို တိုက်ပွဲ ဖြစ်တယ်။ ဒီနေ့ (ဧပြီလ ၁၈) မနက်ပိုင်းလည်း ဖြစ်တယ်လို့ သိရတယ်။ ဘယ်အချိန်မှာ စဖြစ်တယ် ဆိုတာတော့ အတိအကျသိဖို့ Fax ဝင်မလာသေးဘူး” ဟု ၎င်းကဆိုသည်။
အစိုးရတပ်နှင့် ကေအိုင်အေ တပ်များအကြား ဧပြီလ ၁၈ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားမှု လုံးဝမရှိကြောင်း၊ ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်များ မပြုလုပ်ရသေးသည့် နေရာဒေသများ ကျန်ရှိနေသေးရာ အဆိုပါ နေရာများတွင် နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် ရဦးမည် ဖြစ်ပြီး ကေအိုင်အေဘက်မှ နှောင့်ယှက်လာပါက တိုက်ပွဲများ ထပ်မံဖြစ်ပွား လာနိုင်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိ တစ်ဦးက တုံ့ပြန်ပြောကြားသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ဒေသများတွင် သစ်မှောင်ခိုလုပ်ငန်း လုပ်ကိုင်လျက် ရှိသည့် တရုတ်ကုန်သည်များနှင့် သစ်တင်ကားများ အားလုံးကိုလည်း ဧပြီလ ၂၀ ရက်နေ့ နောက်ဆုံးထား ထွက်သွားရန် ယင်းဒေသရှိ နယ်မြေခံတပ်က ထုတ်ပြန် ကြေညာထားသဖြင့် စစ်တပ်နှင့် ကေအိုင်အေ တပ်အကြား တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်ကြောင်း သစ်ကုန်သည်များထံမှ သိရှိရသည်။
“အရင်တုန်းကတော့ ဘယ်လောက် စစ်ဖြစ်ဖြစ် သူ့အနေအထားနဲ့ သူ လုပ်ကိုင်နေကြတာ။ အခုက အကုန်လုံးကို ထွက်သွားဖို့ ပြောနေတာ။ ဒီအတိုင်းဆို တိုက်ပွဲတွေ ဆက်လာနိုင်တယ်” ဟု သစ်ကုန်သည် တစ်ဦးက ဆိုသည်။
သင်္ကြန်ကာလတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကေအိုင်အေဘက်မှ ၄ ဦး ဒဏ်ရာ ရရှိကာ နှစ်ဦး သေဆုံးခဲ့သည်ဟု ကေအိုင်အေ မဟာဗျူဟာ လေ့လာရေးဌာနမှ အကြောင်းကြား ထားပြီး ကေအိုင်အေ တပ်မဟာ ၃ ဒေသ (အင်ဘာပါ) တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် ပတ်သက်၍ အကျအဆုံး သတင်းကိုမူ မသိရှိရသေးကြောင်း ကေအိုင်အို နည်းပညာအဖွဲ့ (TAT) ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် စစ်ရှောင်ဒုက္ခသည် လူဦးရေ တစ်သောင်းကျော်ခန့် တိုးတက်လာခဲ့ပြီး ယင်းဒုက္ခသည်များမှာ နမ့်ခမ်း၊ မူဆယ်၊ မန်းဝိန်းကြီးနှင့် တရုတ်နိုင်ငံတွင်းရှိ စစ်ရှောင်စခန်းများတွင် ပြန့်ကျဲနေထိုင်လျက် ရှိကြောင်း ကရုဏာ မြန်မာလူမှုဖွံ့ဖြိုးရေး (ဗန်းမော်) ရုံးမှ အစီအစဉ် ညှိနှိုင်းရေးမှူး ဦးနော်ဒင့်က ပြောကြားသည်။
“မန်းဝိန်းကြီး နယ်အတွင်းက ကျေးရွာ ၁၀ ရွာလောက်က ဒုက္ခသည်တွေ ထပ်တိုးခဲ့တယ်။ အခုလောလောဆယ် တရုတ်ပြည်ထဲမှာကို တစ်ထောင်ကျော်လောက် ရှိတယ်။ ဗန်းမော် တစ်ခရိုင်လုံးဆို အရင်က ဒုက္ခသည် ၅၀၀၀၀ ကျော်လောက် ရှိတာ။ အခု တစ်သောင်းကျော်လောက် ထပ်တိုးလာတယ် ဆိုတော့ အားလုံးပေါင်းရင် ၇၀၀၀၀ လောက်ရှိပြီ” ဟု ဦးနော်ဒင့်က ဆိုသည်။
အစိုးရတပ်များနှင့် ကေအိုင်အေ တပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့မှုများကြောင့် ၂၀၁၂ ခုနှစ်အတွင်းက ပြုလုပ် ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲကို နယ်မြေအေးချမ်းမှု မရှိဟုဆိုကာ ကချင်ပြည်နယ်တွင် ပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ယင်းနှင့် ပတ်သက်၍ ကေအိုင်အို ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက “အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ကျွန်တော်တို့ အတွေ့အကြုံအရဆိုရင် အကြီးစားလည်း မဟုတ်သလို၊ အသေးစားလို့လည်း ပြောလို့မရဘူး။ တိုက်ပွဲက အခုအရှိန်အတိုင်းပဲ ဆိုရင်တော့ ကြားဖြတ်ရွေးကောက်ပွဲကို ထိခိုက်စရာ မရှိဘူး။ အခုထက်ထိတော့ ရွေးကောက်ပွဲ မဲဆန္ဒနယ် ဧရိယာတွေမှာ ဘာမှ မဖြစ်သေးဘူး။ တိုက်ပွဲတွေ ဒီထက်ပို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာရင်တော့ မပြောတတ်ဘူး” ဟု ၎င်းက မှတ်ချက်ပြု ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားက ကေအိုင်အို ဗဟိုကော်မတီဝင်များနှင့် လိုင်ဇာမြို့၌ တွေ့ဆုံခဲ့သည့် ဧပြီလ ၂ ရက်နေ့တွင်လည်း အစိုးရ တပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ရာ နှစ်ကြိမ်မှာ ရည်ရွယ်ချက်ရှိရှိ တိုက်သည့် တိုက်ပွဲဖြစ်ပြီး တစ်ကြိမ်မှာမူ မတော်တဆ ထိတွေ့မှုဖြစ်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားထားသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရေးအတွက် ဧပြီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့ များတွင် ရန်ကုန်မြို့၌ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်လာသည့် အစိုးရအဖွဲ့နှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် နှစ်ဖက်ရေးဆွဲ ထားသည့် အပစ်ရပ်မူကြမ်းကို ရရှိခဲ့သည်။
ယင်းမူကြမ်းကို အချောသပ် ရေးဆွဲရေးအတွက် မေလအတွင်း ရန်ကုန်မြို့၌ ထပ်မံတွေ့ဆုံး သွားမည် ဖြစ်ကြောင်း နှစ်ဖက်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့များက ထုတ်ပြန်ထားသည်။

The Voice

1 comment:

  1. တပ်မတော်သားတွေအထိမခံနဲ့စစ်ဆင်ရေးဆက်လုပ်အလျော့မပေးနဲ့

    ReplyDelete