Friday, April 18, 2014

ကိုရီးယားသင်္ဘော နစ်မြှုပ်နေတဲ့အပိုင်းထဲသို့ ဝင်ရောက်ကယ်ဆယ်ဖို့ ၁၀ ကြိမ်ထက်မနည်း ကြိုးစားကြပေမယ့်

တောင်ကိုးရီးယားနိုင်ငံ ​အာဏာပိုင်တွေ အနေနဲ့ ​နစ်မြုပ်သွားတဲ့ ​သင်္ဘောထဲကို ​ဝင်ရောက်နိုင်ခြင်း ​မရှိသေးဘူးလို့ ​သိရပါတယ်။

သင်္ဘောနစ်မြုပ်ခဲ့တဲ့ အတွက် ​လူပေါင်း ​ရာနဲ့ချီ ​ပျောက်ဆုံးနေပြီး ​နစ်မြုပ်နေတဲ့ ​သင်္ဘောထဲကို ​ဝင်ရောက်ဖို့ ​ကြိုးစားကြပေမယ့် ​ရာသီဥတု အခြေအနေ၊ ​ဒီရေအခြေ အနေ၊ ​ရေစီးသန်မှု​အပြင် ​ရေတွေ ​နောက်နေတဲ့အတွက် ​အခက်အခဲဖြစ်နေရပါတယ်။

တောင်ကိုးရီးယား ​ရေတပ်နဲ့ ​ကမ်းခြေစောင့်တပ်တွေက ​သင်္ဘောထဲကို ​ဝင်ရောက်နိုင်ဖို့ ​၁၀ ​ကြိမ်ထက်မနည်း ​ကြိုးစားကြပေမယ့် ​အောင်မြင်မှု ​မရခဲ့ပါဘူး။

လေ့လာရေး ​ခရီးထွက်နေတဲ့ ​ကျောင်းသူ၊ ​ကျောင်းသားနဲ့ ​ဆရာ၊ ​ဆရာမတွေ ​အများစု ​ပါဝင်တဲ့ ​အဲဒီသင်္ဘော ​ဘာကြောင့်နစ်မြုပ်သွားသလဲဆိုတာကို ​အာဏာပိုင်တွေက ​စုံစမ်းနေဆဲ ​ဖြစ်ပါတယ်။

နစ်မြုပ်သွားတဲ့ ​သင်္ဘောအတွင်းပိုင်းမှာ ​အသက်ရှင် ​ကျန်ရစ်သူ ​ရှိနိုင်တယ်လို့ ​ယူဆနေတဲ့အတွက် ​အသက်ရှုရလွယ်ကူအောင် ​အောက်ဆီဂျင် ​ဓာတ်ငွေ့တွေ ​ထည့်သွင်းပေးထားပါတယ်။

သင်္ဘောကပ္ပတိန်ကလည်း ​သင်္ဘောနစ်မြုပ်သွားတဲ့အပေါ် ​တောင်းပန်လိုက်ပါတယ်။

ကပ္ပတိန်ဖြစ်သူ ​Lee ​Joon-seok ​ကို ​ကမ်းခြေစောင့်တပ်တွေက ​စစ်ဆေးမေးမြန်းမှုတွေ ​လုပ်နေပါတယ်။ ​သင်္ဘောပေါ် ​လိုက်ပါသွားသူတွေရဲ့ ​မိသားစုဝင်တွေကတော့ ​သင်္ဘော ​ကပ္ပတိန်က ​ကိုယ်လွတ်ရုံးပြီး ​သူတို့မိသားစုဝင်တွေရဲ့ ​အသက်ကို ​လစ်လျူရှုတယ်ဆိုပြီး ​အမျက်ဒေါသ ​ထွက်နေကြပါတယ်။

 လူပေါင်း ​​၄၆၂ ​​ယောက် ​စီးနင်းလာတဲ့ ​သင်္ဘောနစ်မြုပ်သွားတဲ့အတွက် ​ခုလောလောဆယ် ​လူ ​၉ ​ဦး ​သေဆုံးပြီး ​အယောက် ​၂၅၀ ​ကျော် ​ပျောက်ဆုံးနေဆဲ ​ဖြစ်ပါတယ်။
Credit: Radio Australia

No comments:

Post a Comment