Wednesday, April 9, 2014

အခွန်တိမ်းရှောင်မှု များပြားသည့် လုပ်ငန်းအုပ်စု ၆၀ ကျော်ကို ခေါ်ယူသတိပေးထားကာ ပညာပေးကာလ ကုန်ဆုံးပါက ထောင် ၁၀ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်ကို အခွန်ဥပဒေဖြင့် အရေးယူမည်ဟုဆို

မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း ၃၀၀၀၀ ကျော် ရှိသည့်အနက် ကုမ္ပဏီပေါင်း ၁၅၀၀၀ ခန့်သာ လတ်တလော အခွန်ဆောင်မှုရှိနေပြီး အခွန်တိမ်းရှောင်မှု များပြားသည့် လုပ်ငန်းအုပ်စု ၆၀ ကျော်အား ခေါ်ယူ သတိပေးမှု ပြုလုပ် ထားကာ ပညာပေးကာလ ကုန်ဆုံးပါက ထောင် ၁၀ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်သည့် အခွန်ဥပဒေဖြင့် အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဧပြီ ၇ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။
အခွန်တိမ်းရှောင်မှု များပြားသည့်ပြဿနာနှင့် ရင်ဆိုင်နေရပြီး အာဆီယံနိုင်ငံများတွင် အခွန်ရငွေမှ ဂျီဒီပီတွင် ပါဝင်မှုအချိုး အနိမ့်ဆုံးဖြစ်နေသည့် မြန်မာနိုင်ငံတွင် အခွန်တိုးမြှင့် ကောက်ခံနိုင်ရန် အခွန်ကောက်ခံမှု
ဆိုင်ရာ ဥပဒေများအား ပြင်ဆင်ခြင်းနှင့် အခွန်ထမ်းများ အခွန်အပြည့်အ၀ ပေးဆောင်ရန် လုပ်ဆောင်နေကြောင်း ဦးမင်းထွဋ်က ပြောကြားသည်။
ထို့ပြင် အခွန်ကောက်ခံရရှိငွေမှ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပမာဏတစ်ခု သတ်မှတ်၍ ခွဲဝေပေးအပ်မည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ရပ်ကျေးအဆင့်အထိပါ အခွန်တိုးမြှင့် ကောက်ခံနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
အစိုးရသစ်လက်ထက် ပြည်တွင်းအခွန်ဦးစီးဌာန အနေဖြင့် အခွန်အရပ်ရပ် ကောက်ခံရရှိခဲ့မှုတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလျံ ၁၅၃၈ ဒသမ ၇၆၆၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလျံ ၂၇၁၀ ဒသမ ၉၀၆န နှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ရှေ့ပြေးစာရင်းများအရ ၃၄၂၀ ဒသမ ၇၅၄ ကောက်ခံရရှိခဲ့ကြောင်း သိရသည်။
အစိုးရသစ်လက်ထက် မတိုင်မီ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် အမှန်ကောက်ခံ ရရှိခဲ့သော အခွန်ရငွေ ကျပ်ဘီလျံ ၁၂၂၂ ဒသမ ၈၄၄ နှင့် အစိုးရသစ်လက်ထက် ပထမနှစ်တွင် ကျပ်ဘီလျံ ၃၁၅ ဒသမ ၉၂၂၊ ဒုတိယနှစ်တွင် ကျပ်ဘီလျံ ၁၄၈၈ ဒသမ ၀၆၂ နှင့် တတိယနှစ်တွင် ကျပ်ဘီလျံ ၂၁၉၇ ဒသမ ၉၁၀ တိုးတက်ရရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။
အခွန်ရှောင်လွှဲသည့် ကိစ္စရပ်များကို ၀င်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေများအရ အရေးယူနိုင်ကြောင်းနှင့် အခွန်နှင့်ပတ်သက်သော အဂတိလိုက်စားမှုများကို ကာကွယ်နိုင်ရန် ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၈ နှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၃ တို့တွင် ပြဋ္ဌာန်းထားသည်။
အခွန်စည်းကြပ် ကောက်ခံရာတွင် ရသင့်ရထိုက်သောအခွန် ရရှိခြင်း ရှိ၊ မရှိ စိစစ်ရန်၊ နိုင်ငံတော် အတွင်း ဆောင်ရွက်နေသည့် ၀န်ဆောင်မှု၊ ကုန်သွယ်မှုနှင့် ထုတ်လုပ်မှုလုပ်ငန်းများမှ အခွန်ကောက်ခံ ရရှိမှုကို စိစစ်ရန်၊ ရသင့်ရထိုက်သောအခွန် ရရှိရေး၊ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် လက်ရှိအခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး လေ့လာသုံးသပ်မှုများကို ဆောင် ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ၂၀၁၃ ခုနှစ် မေလအတွင်းက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ယခင်က ကုမ္ပဏီကြီးအချို့ နှစ်ပေါင်းများစွာ အခွန်တိမ်းရှောင်မှုကြောင့် ဥပဒေအတိုင်း နောက်ကြောင်းပြန် အခွန်စည်းကြပ်မှုများ ပြုလုပ်ခဲ့သည်။ ယခုအခါ လွန်ခဲ့သည့် ငါးနှစ်အတွင်း အခွန်ပေးဆောင်မှုမရှိဘဲ နည်းအမျိုးမျိုးဖြင့် တိမ်းရှောင်နေသော ကုမ္ပဏီကြီးအချို့ကိုမူ နောက်ကြောင်းပြန် အခွန်ပြန်လည်စည်းကြပ်မှု လုပ်မည်မလုပ်မည်ကိုမူ မသိရှိရသေးပေ။
Eleven Media Group

No comments:

Post a Comment