Wednesday, April 30, 2014

ပြည်သူ့ဆေးရုံများတွင် အခြေခံဆေးဝါး ဝယ်ယူရေးအတွက် ကျပ်ဘီလီယံ ၁၆၀ သုံးစွဲမည်

ကျန်းမာရေး ဝန်ကြီးဌာန လက်အောက် ပြည်သူ့ဆေးရုံများတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း စရိတ် မျှပေး ကျန်းမာရေးစနစ်အတွက် အခြေခံဆေးဝါးများ ဝယ်ယူရန် ကျပ်ဘီလီယံ ၁၆၀ သုံးစွဲမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (ဘဏ္ဍာရေး) ဦးဝင်းဦးက The Voice သို့ ပြောကြားသည်။
ယခင် ဘဏ္ဍာနှစ်ထက် ကျပ်ဘီလီယံ ၄၀ နီးပါး တိုးမြှင့်သုံးစွဲထားခြင်း ဖြစ်ပြီး ယင်းဆေးဝါး အသုံးစရိတ် အားလုံးသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ဆေးရုံများ၊ ပြည်သူ့ကျန်းမာရေး၊ ရောဂါနှိမ်နင်းရေးနှင့် ဓာတ်ခွဲဌာနများအတွက် အကျုံးဝင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။နှစ်စဉ် ဆေး ဝါးများ ထောက်ပံ့ ပေးထားသော်လည်း လိုအပ်ချက်များ ကျန်ရှိနေသောကြောင့် ယခုနှစ်အတွက် ထပ်မံ တိုးပေးခြင်း ဖြစ်ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ ယင်းကျန်းမာရေး ဝန်ကြီးဌာန အတွက် အသုံးစရိတ် တိုးမြှင့်ပေးခြင်းကြောင့် ကိုယ်ခံအား စနစ်စစ်ဆေး သော CD4 စက်များ ဝယ်ယူနိုင် ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ART ဆေး ဝယ်ယူရန်အတွက် အစိုးရ အသုံးစရိတ်များ ထပ်မံချပေး ခဲ့ကြောင်း National AIDS Program ၏ စီမံကိန်း မန်နေဂျာ ဒေါက်တာမြင့်ရွှေက ပြောဆိုသည်။
သို့သော်လည်း ပြည်သူ့ဆေးရုံ၊ ဆေးပေးခန်းများတွင် ကုသသူများအတွက် စရိတ်မျှပေး စနစ်တွင် အကန့် အသတ်များ ရှိပြီး စရိတ်မျှပေး လျှောက်ထား လိုသူများအတွက် ထောက်ခံစာလည်း လိုအပ်နေသေးကြောင်း ဆင်းရဲချို့တဲ့ အကူအညီမဲ့ နာမကျန်းသူများ အကူအညီ စောင့်ရှောက်သူများ အဖွဲ့၏ တာဝန်ခံ ဦးဟိန်းမင်းဦး က ဆိုသည်။ “အရင်က ခွဲစိတ်ခန်း ဝင်ရမယ်ဆိုရင် သိန်းချီ ကုန်ကျပေမယ့် ခုဆို သောင်းဂဏန်းလောက်ပဲ ကုန်ကျတော့တယ်။ တိတိကျကျ ကူညီပေးနေတာတော့ မရှိသေးဘူး။ လျင်သူ စားစတမ်းပဲ။ ပြောတတ် ဆိုတတ်ရင် အလကားရမယ်” ဟု ၎င်းကဆိုသည်။ဆေးရုံတွင် ဆေးကုသမှု ခံယူရာတွင် လိုအပ်သော ဆေး ဝါးကို ဝယ်ယူရပြီး သွေးစစ်ခြင်းကို ပြင်ပဓတ်ခွဲခန်းတွင် ပြုလုပ်ရသည့်အတွက် ပုံမှန် ကုန်ကျစရိတ်သာ ကုန်ကျကြောင်း သတိမေ့သွားသဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ခဲ့သူ ကိုမင်းထက်စံ က ပြောကြားသည်။ ကျန်းမာရေးဦးစီးဌာန အနေနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ခန့်မှန်း အသုံးစရိတ် အပါအဝင် အသုံးစရိတ် အားလုံး ဘီလီယံ ၅၆၀ ကျော်ရရှိထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သိရသည်။အစိုးရက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က စတင်ပြီး ဆေးရုံ ဆေးပေးခန်းများရှိ အရေးပေါ်လူနာနှင့် မီးဖွားလူနာများအတွက် ကျပ် ၇၃ ဘီလီယံဖြင့် အခြေခံ ဆေးဝါး အခမဲ့ ထောက်ပံ့မှု စတင်ခဲ့ရာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလီယံ ၁၂၀ အထိ ထပ်တိုးမြှင့်ခဲ့ကြောင်း အဆိုပါဌာနက ထုတ်ပြန် ထားသည်။ မြန်မာနိုင်ငံတွင် စရိတ်မျှပေး ကျန်းမာရေးစနစ်ကို ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ရပ်နား ထားခဲ့ရာမှ အစိုးရသစ် လက်ထက်တွင် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။
The Voice Weekly

No comments:

Post a Comment