Wednesday, April 9, 2014

လှည်းကူးပဋိပက္ခမှာ ဈေးပြိုင်ရောင်းရာမှ ဖြစ်ပွားခြင်းမဟုတ်ဟု ကာယကံရှင်၏မိခင်ေ ဒ်ါခင်မာဝေ ရှင်းလင်းပြောကြား


ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့တွင်(၄-၄-၂၀၁၄)ရက်နေ့ ညနေ့က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှန်များနှင့် ပတ်သက်၍ မိခင်ဖြစ်သူ မခင်မာဝေက လှည်းကူးမြို့ ပြည်သူ့ဆေးရုံ ကြီးတွင် ၆-၄-၂၀၁၄ ရက်နေ့က ရှင်းပြခဲ့ရာ တချို့သော ဂျာနယ်များနှင့် နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြမှု၊ ရေးသားမှု များသည် တကယ့်ဖြစ်စဉ်နှင့် တချို့အချက်များကွဲလွဲနေသည်ဟု ပြောသည်။
“ကျွန်မသားရဲ့ အမည်က မောင်သက်ပိုင်ဦး (၂၁) နှစ်၊ ပညာအရည်အချင်းက အေဂျီတီအိုင် ပြီးပါ ပြီ။ ကျွန်မတို့ လှည်းကူးမြို့ပြည်တော်သာ ရပ်ကွက် (၁၀) လမ်း၊ အိမ်အမှတ် (၇၈၉) မှာ နေပါ တယ်။ ဈေးရောင်းတာက လှည်းကူးမြို့မဈေးအောက်ထပ် အခန်းနံပါတ် (၂၈)မှာ ဈေးရောင်းပါတယ်။
တာပေါ်လင်ကြမ်းခင်း ဖရောင်း ပုဆိုး၊ နာရီအပိုပစ္စည်းတွေ ရောင်းတာပါ။
အဲဒီအခင်းဖြစ်တဲ့နေ့က ကျွန်မ ရန်ကုန်က တာပေါ်လင်တွေဝယ်ပြီး ပြန်လာပါတယ်။ ပစ္စည်းတွေကို မြို့မဈေး ရှေ့မှာ ကားပေါ်ကချပြီး ပုံထားပါတယ်။ ကျွန်မသားလေး မောင်သက်ပိုင်ဦးက အဲဒီ တာပေါ်လင်အလိပ်တွေကို အမေ့ကို ကူညီ ပြီးဝိုင်းထမ်းပေးပါတယ်။
ဆိုင်မှာက ကျွန်မရဲ့တူလေး မိုးမင်းသိန်း အလုပ်လုပ်နေပါတယ်။ အဲဒီအချိန်မှာ ဒေါ်ဂျူးဂျူးရဲ့သား အငယ်ကောင်နဲ့ အလတ်ကောင်က ကျွန်မ ဆိုင်ထဲဝင်လာပြီး ကျွန်မတူလေးကို ကတ်ကြေးနဲ့ဝင်ထိုး တာပါ။ ပြီးတော့ တာပေါ်လင်ထမ်းလာတဲ့ ကျွန်မသားလေးကို ဟိုမှာ တစ်ယောက်လာနေပြီ လို့အော်ပြီး နောက် ကနေ ၀က်အူလှည့်ကတ်ကြေးနဲ့ ထိုးတာပါ။
ကျွန်မတူလေးက နောက်ကျော ဒဏ်ရာရပြီး ကျွန်မသားလေးက မျက်လုံး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ ကျွန်မ သားလေးလဲကျသွားတော့ သားလေး သေပါပြီဆိုပြီး ကျွန်မ ပြေးပွေ့တော့ အဲဒီ နှစ်ယောက်က ကျွန်မကို ခြေထောက်နဲ့ ကန်၊ လက်သီးနဲ့ ထိုးပါတယ်။ ကျွန်မ ကျောမှာလည်း ဒဏ်ရာရရှိပြီး အခု ကျွန်မသားလေး မောင်သက်ပိုင်ဦး မျက်လုံးက ၆ ချက် ချုပ်ထားရပါတယ်။
အမှန်အတိုင်း ပြောပြပါ့မယ်။ အခင်းမဖြစ်ခင် နှစ်ရက်လောက်ကလည်း အဲဒီ နှစ်ယောက်က ကျွန်မသားလေး ကို ရန်စပါတယ်။ သူတို့ဆိုင်နဲ့ ကျွန်မတို့ ဆိုင်နဲ့က ကပ်လျက်ပါ။ ရောင်းတဲ့ ပစ္စည်းလည်း အတူတူပါပဲ။ အဲဒီလို ရန်စမှုကို ကျွန်မတို့က ဈေးလူကြီးကို နှုတ်နဲ့အသိပေး အကြောင်းကြားထားတာ ရှိပါတယ်။ မေးနိုင်ပါတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ ကြီးထွားလာမှာ စိုးလို့ပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ (၅)လလောက်ကတော့ သူတို့နဲ့ ပြဿနာဖြစ်ဖူးလို့ ရှင်းခဲ့ရတာ ရှိပါတယ်။
အခု ကျွန်မသားလေးနဲ့တူကို ထိုးတာက လေးယောက်ပါ။ မွတ်စလင်နာမည်တွေတော့ မသိဘူး၊ မြန်မာနာမည်တွေပဲ သိတယ်။ ရန်အောင်ကိုကို၊ ချစ်မင်းကိုကို၊ ညီညီမောင်၊ ဇော်ထက်ကို။ အဓိက တရားခံ အခုထွက်ပြေးနေတယ်။ ဒါဖြစ်စဉ် အမှန်ပါ။
မီဒီယာများမှာ ပါလာသလို ဈေးပြိုင်ရောင်းကြရာက ဖြစ်တယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ သူတို့ ဒါတမင်ကို ကြံစည်ပြီး နောက်ကနေ ကျွန်မသားလေးကို လုပ်ကြံတာပါ။ အဲဒီလို မတရားလုပ်လို့ ကျွန်မတို့ မြန်မာဈေးသူဈေးသားတွေ မြို့လူထုတွေက မခံနိုင်ဖြစ်ပြီး အခုလို အခင်းဖြစ်ပြီး ကျွန်မတို့ လှည်းကူးမြို့မှာ ပုဒ်မ -၁၈၈ ထုတ်ရတာပါ။
အဲဒီတော့ မရှင်းရင်၊ ဖြစ်ရပ်မှန်ကို သိချင်ရင်၊ မီဒီယာပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် ကျွန်မတို့ကို တိုက်ရိုက် လာမေးပါ။ ပြောချင်တာက ကုန်ပစ္စည်းတူလို့ ဈေးပြိုင်ရောင်းလို့ဖြစ်တာ မဟုတ်ပါဘူး ဆိုတာပါပဲ”ဟု ဒေါ်ခင်မာဝေက ရှင်းပြသည်။
ယခုအခါ တရားခံများအား လှည်းကူးရဲစခန်းတွင် (ပ)၁၅၃/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၂၆၊ ၃၂၄၊ ၃၂၃ ဖြင့် အရေးယူ ထားပြီး အဓိကတရားခံဇော်ထက်ကိုမှာ ထွက်ပြေးလွတ်မြောက်နေသည်ဟု သိရသည်။
ယမန်နှစ်က ဖြစ်ပွားခဲ့သော မိတ္ထီလာအရေးအခင်းတွင် သံဃာ ၁ ပါးအား ဓါတ်ဆီလောင်မီးရှို့ သတ်ဖြတ်ခဲ့သူ အဓိကတရားခံမှာလည်း ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။ ယင်းသံဃာတော်အား သတ်ဖြတ်မှုသည် မိတ္ထီလာပဋိပက္ခကို ကြီးထွားစေခဲ့ခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။

News Watch စောင့်ကြည့်ဂျာနယ်

No comments:

Post a Comment