Saturday, April 19, 2014

ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပေါ်နေပြီး ဧပြီ ၁၈ ရက်က တိုက်ပွဲအချို့ ဖြစ်ပွား

ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ဧပြီ ၁၈ ရက်တွင်လည်း တိုက်ပွဲအချို့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

"ဒီနေ့မနက်ပိုင်းမှာလည်း မိုးမောက်ဘက်မှာ ဖြစ်တယ်လို့ ကြားထားတယ်။ အတိအကျတော့ မသိရသေးဘူး" ဟု မြစ်ကြီးနားမြို့ရှိ KIO ဆက်ဆံရေးရုံး တာဝန်ခံ ဦးဒေါင်ခါးက ဧပြီ ၁၈ ရက် ညနေပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

"ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဖြစ်လဲဆိုတော့ မိုးမောက်-လွယ်ဂျယ် အများသုံးလမ်းမှာ သူတို့ဘက်က ဗုံးခွဲတိုက်ခိုက်တာ တွေရှိတယ်။ အဲဒါတွေကို လိုက်ရှင်းရင်း ဖြစ်နေတာပါ" ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိ တစ်ဦးက ဆိုသည်။

ဧပြီ ၁၀ ရက်နေ့မှ စတင်ကာ ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA တို့အကြား တစ်ကျော့ပြန် တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ ဧပြီ ၁၈ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများ ဆက်ရှိနေခြင်းဖြစ်သည်။

အစိုးရတပ်များက ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်ဝိန်းကြီးဒေသ၊ KIA တပ်မဟာ ၃၊ တပ်ရင်း၂၇ နယ်မြေကို ၀င်ရောက်တိုက်ခိုက် ထိန်းချုပ်ခဲ့ပြီးနောက် မိုးမောက်မြို့ အထက်ပိုင်းရှိ တပ်မဟာ ၃၊ တပ်ရင်း ၁ နယ်မြေသို့ ဆက်လက် ၀င်ရောက်ရာမှ တိုက်ပွဲများနှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

"တပ်မ ၉၉ က လွယ်ဂျယ်၊ ဗန်းမော်၊ မိုးမောက်ဘက်မှာ ရှိနေတာကြာပြီ။ သူတို့က တပ်အပြောင်းအရွှေ့ လုပ်တယ်ဆိုပြီး အများအမြင်မှာပြောတယ်။ အရွှေ့အပြောင်း လုပ်တဲ့အခါ ဆင်းသွားတာက ၁၀၀ ဆိုရင် ပြန်တက်လာတာက ၂၀၀ လောက်ရှိတယ်။ စစ်အင်အား တိုးချဲ့တာပေါ့" ဟု KIO ပြန်ကြားရေး အရာရှိဦးလနန်က ပြောကြားသည်။

KIA တပ်မဟာ ၃၊ တပ်ရင်း ၂၇ နယ်မြေကို ထိန်းချုပ်ရာ၌ တပ်မ ၈၈ က ဦးဆောင်ခဲ့ပြီး ဧပြီ ၁၂ ရက်တွင် မန်ဝိန်းကြီးနှင့် နမ့်တောင်းအကြားရှိ KIA ပိုင် ဘန်ခမ်ဂိတ်စခန်းကို သိမ်းယူနိုင်ခဲ့သည့်အပြင် တပ်ရင်း ၂၇ ယာယီဌာနချုပ်ကိုလည်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်း သိရသည်။

မိုးမောက်ဒေသရှိ တပ်မဟာ ၃၊ တပ်ရင်း ၁ နယ်မြေများတွင် ဖြစ်နေသည့်တိုက်ပွဲများမှာ မိုးမောက်-လွယ်ဂျယ် လမ်းအတိုင်း တက်လာသော အစိုးရတပ် စစ်ယာဉ်တန်းကို KIA တပ်ရင်း ၁ တပ်ဖွဲ့ဝင်များက ဧပြီ ၁၃ ရက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနေရာများတွင် လူနေအိမ်များနှင့် ရွာများမရှိကြောင်း သိရသည်။ သို့သော် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မန်ဝိန်းကြီး ဒေသနှင့် KIA တပ်မဟာ ၄၊ တပ်ရင်း ၉ နယ်မြေများတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်နှင့် ရှမ်းတိုင်းရင်းသား ကျေးရွာများတွင် နေထိုင်သူများ အိုးအိမ် စွန့်ခွာပြေးခဲ့ရပြီး စစ်ပြေးဒုက္ခသည် တစ်သောင်းကျော်ရှိခဲ့ကြောင်း ဒေသခံလူမှု ကူညီရေး အဖွဲ့များထံမှ သိရသည်။

"အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်တွေက အရန်တပ်အနေနဲ့ပဲရှိတယ်။ လူနာသယ်၊ ရိက္ခာပို့အဆင့်ပဲ။ အဓိက တပ်မ ၉၉ နဲ့ ၈၈ တို့က ဦးဆောင်တယ်။ သူတို့ကို နေပြည်တော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က တိုက်ရိုက်ညွှန်ကြားတယ်}}ဟု ဦးလနန်က ပြောကြားသည်။

အစိုးရတပ်များ၏ စစ်အင်အားတိုးချဲ့ ပြင်ဆင်မှုသည် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ် ရေးထိုးပြီးသည်နှင့် တိုင်းရင်းသားဒေသများကို ထိန်းချုပ်ထားရန် ရည်ရွယ်ချက်သာ ဖြစ်နိုင်ကြောင်း ဦးလနန်က ဆက်လက် ပြောကြားပါသည်။

"သူတို့ရဲ့ စစ်စခန်းတွေက သိပ်များလာပြီ။ ကချင်ပြည်နယ် တစ်ခုတည်းမှာပဲ ကြည့်လို့ရတယ်။ ၂၀၁၃ ခုနှစ်က မြစ်ကြီး နား-ဗန်းမော် ကားလမ်းမှာ စစ်စခန်းတွေ သိပ်မရှိဘူး။ ၂၀၁၄ ခုနှစ်မှာ လမ်းတစ်လျှောက်လုံး စစ်စခန်းတွေ အပြည့်ပဲ။ ကွန်ကရစ်တွေနဲ့ အခိုင်အမာ လုပ်ထားတဲ့ ခံကတုတ်တွေနဲ့ တည်ဆောက်ထားတာ။ ရန်ကုန်တို့၊ နေပြည်တော်တို့မှာ ဘယ်လိုပဲ ငြိမ်းချမ်းရေးကိစ္စတွေ ပြောနေပါစေ။ ရှေ့တန်းမှာတော့ စစ်အင်အား တိုးချဲ့မှုတွေနဲ့ တင်းတင်းမာမာ ဖြစ်နေပြီ။ သူတို့ဘက်ကထပ်ပြီး လှုပ်ရှားမယ်။ စစ်ဆင်ရေးတွေ လုပ်ပြီဆိုရင် တင်းမာမှုက ပိုပြီးအရှိန်မြင့်လာ နိုင်ပါတယ်" ဟု ဦးလနန်က ဆိုသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိကမူ မန်ဝိန်းကြီးဒေသတွင် ရှမ်းတိုင်းရင်းသားများ အများစုနေထိုင်ပြီး KIA တပ်ရင်း ၂၇ ၏ နယ်စပ်ဂိတ်စခန်းမှာ တရားမ၀င်လုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့် သိမ်းယူရခြင်း ဖြစ်သည်ဟု ပြောကြားသည်။ ထို့ပြင် မိုးမောက်တွင် ဖြစ်ပွားနေသော တိုက်ပွဲများမှာလည်း စစ်ယာဉ်တန်းအား ဗုံးခွဲတိုက်ခိုက်ခဲ့သူများကို လိုက်လံရှင်းလင်းသာ ဖြစ်ကြောင်း ၎င်းကဆိုသည်။

"အများပြည်သူသုံးလမ်းပေါ်မှာ စစ်ယာဉ်တန်းကိုတောင် တိုက်ခိုက်တယ်ဆိုတော့ ကျန်တာတွေအတွက် ပြောစရာ မလိုတော့ဘူး" ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိက ပြောကြားသည်။

ဧပြီ ၁၃ ရက်နေ့က မိုးမောက်-လွယ်ဂျယ် ကားလမ်းပေါ်၌ ယာဉ်ခုနစ်စင်းပါသော စစ်ယာဉ်တန်းဗုံးခွဲ တိုက်ခိုက်ခံရမှု၌ ခဲယမ်းများ တင်ဆောင်လာသော ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ပြီး အစိုးရတပ်သား နှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment