Sunday, April 6, 2014

လှည်းကူး မြို့မဈေးတွင် ဈေးရောင်းသူနှစ်ဦး ရန်ဖြစ်ရာမှ ဘာသာရေး အသွင်ဆောင် ပဋိပက္ခဖြစ်

လှည်းကူးမြို့နယ် ဈေးကြီးရပ်ကွက် မြို့မဈေး အောက်ထပ်ရှိ ကုန်မာဆိုင်တွင် ဧပြီလ ၄ ရက် ညနေ ၄ နာရီခန့်က ဆိုင်ချင်းကပ် ကုန်ပစ္စည်းတူ ဈေးရောင်းချသူ နှစ်ဦး စကားများ ရန်ဖြစ်ရာမှ ဈေးရှေ့တွင် လူ ၁၅၀၀ ခန့် စုဝေးလာပြီး ဘာသာရေး အသွင်ဆောင် ပဋိပက္ခအထိ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် လှည်းကူး မြို့မရဲစခန်းတို့ထံမှ သိရသည်။
အစ္စလာမ် ဘာသာဝင် မိသားစုဝင် ငါးဦး ရောင်းချသော ကုန်မာပစ္စည်းဆိုင်မှ အသက် ၃၀ အရွယ် အမျိုးသားနှင့် ဆိုင်ချင်းကပ် ဗုဒ္ဓဘာသာဝင်ဆိုင်မှ ဆိုင်ရှင်၏ တူဖြစ်သူ အသက် ၂၀ အရွယ် အမျိုးသားတို့ စကားများစဉ် အသက် ၃၀ အရွယ် အမျိုးသားက တစ်ဖက်လူ၏ မျက်လုံးကို ကတ်ကြေးဖြင့် ထိုးပြီး
ထွက်ပြေးကြောင်း၊ ယင်းမှ အစပြုကာ လူစုလူဝေး ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ဈေးကြီးရပ်ကွက်နေသူ ကိုထွန်းထွန်းက ပြောကြားသည်။
ထွက်ပြေးသူ အမျိုးသားနှင့်အတူ ၎င်း၏ မိသားစုဝင်များက လှည်းကူးမြို့မ ဈေးရှေ့ ရန်ကုန်- ပဲခူးလမ်းမကြီးဘေးရှိ ဟူစင် ရေခဲမုန့်ဆိုင်တွင်းသို့ ဝင်ပြေးပြီး ၁၅ မိနစ်ခန့် အကြာတွင် အနီးအနားနေ လူ ၁၅၀၀ ခန့် ရောက်ရှိလာကြောင်း၊ ယင်းနောက် လူအုပ်ကြီးက မိသားစုဝင် ငါးဦးကို ထုတ်ပေးရန် တောင်းဆိုခဲ့သော်လည်း အဆိုပါဆိုင်က မထုတ်ပေးသောကြောင့် လူအုပ်က ဆိုင်ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြောင်း ဈေးကြီးရပ်ကွက်တွင်းမှ စုံစမ်းသိရှိရသည်။
“လူအုပ်ကြီးက ခဲတွေနဲ့ ဝိုင်းထုလို့ ဆိုင်က ပျက်စီးသွားတယ်။ လူအုပ်က ထောင်ချီ (တစ်ထောင်ကျော်ခန့်) တော့ မြို့နယ်ရဲလည်း မထိန်းနိုင်ဘူး။ တိုင်းရဲတပ်ဖွဲ့က ရောက်လာပြီး လူစုတော့ ခွဲနေပေမယ့် အခြေအနေက မအေးသေးဘူး” ဟု ဧပြီလ ၄ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်ခန့်အထိ လူစုလူဝေး အခြေအနေကို မျက်မြင်တွေ့ရှိသည့် ဒေသခံ ကိုထွန်းထွန်းက ပြောဆိုသည်။
ရေခဲမုန့်ဆိုင်တွင်းသို့ ထွက်ပြေး တိမ်းရှောင်လာသူ ကုန်မာဆိုင်မှ လူငါးဦးအနက် သုံးဦးကို ရဲလုံခြုံရေးယာဉ်ဖြင့် လှည်းကူးမြို့မ ရဲစခန်းသို့ ခေါ်ဆောင်သွားစဉ် အဆိုပါ လူအုပ်က ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး၊ ဆိုင်အတွင်း ကျန်ရှိသူ နှစ်ဦးကို ထုတ်ပေးရန် တောင်းဆိုကာ ခဲများဖြင့် ထပ်မံပစ်ပေါက်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
အဆိုပါ လူစုထံသို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက ရောက်ရှိလာပြီး ဝင်ရောက်ဖျန်ဖြေ ထိန်းသိမ်းခဲ့ရာ ည ၇ နာရီတွင် လူစုကွဲသွားကြောင်း ယင်းနေရာသို့ ရောက်ရှိနေသော လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက The Voice သို့ ပြောကြားသည်။
“ဒီလုပ်ရပ်ကြောင့် ဆိုင်တစ်ဆိုင် အဖျက်ခံရပြီး၊ ရဲတစ်ယောက်လည်း ဒဏ်ရာ ရသွားတယ်။ ဆိုင်ကို ချိတ်ပိတ်ထားတယ်။ ဒီညမြို့မှာ လျှပ်စစ်မီးမပျက်ဖို့ သက်ဆိုင်ရာကို သတင်းပို့ထားတယ်။ လုံခြုံရေးအတွက် အလင်းရောင်ရှိဖို့ အရေးကြီးတယ်။ ပဋိပက္ခ ထပ်မဖြစ်အောင် သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဒီညလုံခြုံရေး ဆောင်ရွက်သွားမယ်” ဟု ၎င်းကဆိုသည်။
လတ်တလောတွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲစခန်းသို့ ခေါ်ဆောင်ခဲ့သော အစ္စလာမ် ဘာသာဝင် သုံးဦးကို စစ်ဆေးလျက်ရှိကြောင်း လှည်းကူးမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။
၂၀၁၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဥက္ကမြို့တွင် ကိုရင်လေးနှင့် အမျိုးသမီးတို့ တိုက်မိပြီး ဆွမ်းသပိတ် အဖုံးကွဲရာမှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ် ၈၁ လုံး၊ ဗလီတစ်လုံး၊ စာသင်ကျောင်း တစ်ခုနှင့် ဥက္ကမြို့ပေါ်ရှိ ဆိုင်ခန်း ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှစ်ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

The Voice

No comments:

Post a Comment