Wednesday, April 30, 2014

DKBA နောက် လိုက်ပါခဲ့သော အိမ်ထောင်စုအချို့ ပြန်လည် ပြောင်းရွှေ့ လာသည့်သတင်း မဟုတ်မှန်

လှည်းကူးမြို့နယ် ဖယ်ရှားခံ ကျေးရွာမှ အိမ်ထောင်စုများကို မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဝါးယားကုန်း ကျေးရွာအနီး ကျေးရွာ တည်ထောင်ကာ မြေကွက်နှင့် နေအိမ်များ အပိုင်ပေးပြီး ရေမီး စုံ ပေးမည် ဖြစ်သောကြောင့် DKBA နောက် လိုက်ပါသွားသည့် အိမ်ထောင်စုအချို့ ပြန်လည် ပြောင်းရွှေ့ လာသည်ဟု သတင်း ထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း မြဝတီမြို့အနီး ကျောက်ခတ် ကျေးရွာ သို့ ပြောင်းရွှေ့ နေထိုင်သူများက ပြောကြားသည်။
ဧပြီလ ၂ ရက်နေ့က DKBA အဖွဲ့နောက်သို့ လိုက်ပါ ပြောင်းရွှေ့သွား သော သမီးကလေးကျေးရွာ အပါအဝင် အင်းပတီး ကျေးရွာနှင့် ဒေါ်ကာလီ ကျေးရွာတို့မှ အိမ်ထောင်စုဝင် ၈၂ စုရှိ လူဦးရေ နှစ်ရာကျော် မှာ မြဝတီမြို့နယ် ဆုံဆည်းမြိုင်အနီး ကျောက်ခတ် ကျေးရွာတွင် DKBA အဖွဲ့၏ အကူအညီဖြင့် နေအိမ် များ ဆောက်လုပ် နေထိုင်လျက် ရှိပြီး လုပ်ငန်း အဆင်ပြေသောကြောင့် ပဲခူးတိုင်းအတွင်း ကျန်ရှိခဲ့သော မိသားစုဝင်များကို လိုက်ပါ ပြောင်းရွှေ့ရန် ပြန်ခေါ်နေမှုများ ရှိကြောင်း အဆိုပါ ကျောက်ခတ် ကျေးရွာသို့ လိုက်ပါ ပြောင်းရွှေ့လာသော သမီးကလေးကျေးရွာမှ ဦးအောင်ကြိုင်က ပြောပြသည်။
“သမီးကလေးရွာ အဖျက်ခံရတုန်းက ဦးပဉ္စင်းကျောင်းကို ပြောင်းလာတာ အိမ်ထောင်စုက ၁၅၇ စုပါ။ အိမ်ထောင်စု ၅၀ ကျော်က ပြောင်းရွှေ့ နေထိုင်စရာရှိလို့ သူတို့အစီအစဉ်နဲ့ သူတို့ပြောင်းသွားပြီး သိပ်မကြာဘူး နောက်ထပ် အိမ်ထောင်စု ၆၁ စုက ပြည်ခိုင်ဖြိုးက မြေကွက်ပေးတဲ့ဆီ ပြောင်းသွားတယ်။ ဒါပေမဲ့ မြေကွက် အပိုင်မပေးလို့ ကျောင်းကို ပြန်လာပြီး DKBA နောက် လိုက်ခဲ့တာကို ဦးပဉ္စင်းကိုယ်တိုင် လိုက်ပို့ခဲ့တာ။ ဟိုကနေ ဒီကို ပြန်ပြောင်းလာသူ တစ်ဦးမှ မရှိပါဘူး” ဟု ပဲခူးတိုင်း အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။
DKBA အဖွဲ့ခေါ်ဆောင်ရာ ကျောက်ခတ်ကျေးရွာသို့ လိုက်ပါသွားသော အိမ်ထောင်စု ၈၂ စုအနက် သမီးကလေး ကျေးရွာမှ အိမ်ထောင်စု ၆၁ စု ပါရှိပြီး ပြောင်းရွှေ့ လိုက်ပါလာသူများ ပေ ၂၀၊ ပေ ၅၀ မြေကွက်များကို အကွက်လိုက် နေရာပေးပြီး နေအိမ်များ ဆောက်လုပ်နေစဉ် DKBA အဖွဲ့က တစ်လ စားဝတ်နေရေး အကူအညီ ပေးထားကြောင်း၊ သမီးကလေးကျေးရွာ ပြန်လည် ထူထောင်ရေး အမည်ဖြင့် ဆေးပေးခန်းတစ်ခု ဆောက်လုပ် ပေးထားပြီး လတ်တလောတွင် ကျောက်ခတ်ကျေးရွာမှ လျှပ်စစ်မီး သွယ်တန်း ပေးထားကြောင်း DKBA တပ်မတော်၏ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင် က ပြောကြားသည်။
“အိမ်ငါးလုံးလောက်ပဲ ဆောက်စရာ ကျန်တော့တယ်။ လျှပ်စစ်မီးကို ထိုင်းဘက်က သွယ်ပေးမယ်လို့ ကြားရတယ်။သောက်သုံးရေအတွက်ဘတ်ခြောက်သန်းအကုန်ခံပြီးလာမယ့်နှစ်မှာ ရေကာတာ ဆောက်ပေး မယ်လို့ DKBA တာဝန်ရှိသူတွေက ပြောတယ်။ ဒီမှာက အလုပ်အကိုင်လည်း ပေါတယ်။ နေ့စား လုပ်အားခက ယောက်ျားလေးက တစ်နေ့ ခြောက်ထောင်ရပြီး မိန်းခလေးက လေးထောင့်ငါးရာလောက် ရတယ်” ဟု ကျောက်ခတ် ကျေးရွာသို့ ပြောင်းရွှေ့ လိုက်ပါလာပြီး ကျောက်မီးသွေး ကောက်သော လုပ်ငန်းတွင် နေ့စား လုပ်ကိုင်နေသော သမီးကလေး ကျေးရွာသူ ဒေါ်နီလာဝင်းက ပြောကြားသည်။
DKBA ခေါ်ဆောင်ရာနောက်သို့ လိုက်ပါခြင်း မရှိခဲ့သော သမီးကလေး ကျေးရွာမှ အိမ်ထောင်စုများ အပါအဝင် ဖယ်ရှားခံ ကျေးရွာခြောက်ရွာမှ အိမ်ထောင် စု ၁၆၇ စုကို အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၀ ရှိ ဝါးယားကုန်း ကျေးရွာအနီးတွင် သမီးကလေး တိုးချဲ့ကျေးရွာသစ် အမည်ဖြင့် လှည်းကူး မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျေးရွာသစ် ဆောင်ရွက်ပေးလျက် ရှိကြောင်း အဆိုပါ ပါတီထံမှ သိရှိရသည်။
သမီးကလေး ကျေးရွာသစ်တွင် ပေ ၂၀၊ ပေ ၅၀ မြေကွက်၌ နေအိမ်တစ်လုံးလျှင် ငွေကျပ် တစ်သိန်းကျော် ကုန်ကျသည့် အိမ်များ ဆောက်လုပ်ပေးပြီး ကျေးရွာသစ်အတွက် ဆေးပေးခန်း၊ ဓမ္မာရုံ၊ ခန်းမနှင့် လမ်းများကို ပြုလုပ်လျက်ရှိကာ လျှပ်စစ်မီး ရရှိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်းက ရှင်းပြသည်။
“လာမယ့် မေလ ၃ ရက်နေ့ လောက်ကျ နေအိမ်တွေ အပိုင်ပေးမယ်။ DKBA နောက် လိုက်သွားတဲ့ အိမ်ထောင်စု ၁၉ စုက အကူအညီ တောင်းထားတာကြောင့် သူတို့ကို စုံစမ်းစစ်ဆေးပြီး သေချာ မှ နေထိုင်ဖို့အတွက် စီစဉ် ဆောင်ရွက်ပေးမယ်” ဟု ၎င်းက ပြောကြားသည်။
ဖယ်ရှားခံ သမီးကလေး ကျေးရွာမှ အိမ်ထောင်စုများကို ပြီးခဲ့သော မတ်လက ရန်ကုန်တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် မြေကွက်များပေး၍ ကျေးရွာ အဖြစ် ဆောင်ရွက်ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်း တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အလှူရှင် များ ပေါ် လာသောကြောင့် နေအိမ်များ ဆောက်လုပ်ပေးနိုင်ခြင်း ဖြစ်ကြောင်း ယင်းကျေးရွာ အသစ် သို့ ပြောင်းရွှေ့ နေထိုင်သူများထံမှ သိရှိရသည်။
“ကျေးရွာသစ် စတည်တုန်းက သမီးကလေး ကျေးရွာကို ဦးစားပေး တည်ခဲ့ပေမယ့် ပြောင်းရွှေ့ ကုန် တာကြောင့် အခုဒီမှာ နေနေတဲ့ သမီးကလေး ကျေးရွာက အိမ်ထောင်စုက ၃၀ လောက်ပဲရှိတာ။ ကျန်တာ က အခြားကျေးရွာတွေက ပြောင်းလာတဲ့သူတွေ။ တချို့ဆို အိမ်ထောင်စု တစ်စုတည်းနဲ့ မြေကွက်နှစ်ကွက် သုံးကွက် ရထားတဲ့သူတွေ ရှိနေတာကြောင့် တာဝန်ရှိသူတွေက မြေပြင်ကို ဆင်းပြီး သေချာ စုံစမ်း စစ်ဆေး ပေးစေချင်တယ်” ဟု သမီးကလေး တိုးချဲ့ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်သူ သမီး ကလေး ကျေးရွာမှ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။
The Voice Weekly

No comments:

Post a Comment