Friday, April 4, 2014

အခြေခံဥပဒေ ပြင်ရန် ရေနံချောင်းမြို့နယ်တွင် NLD ဦးဆောင် ဆန္ဒပြမည်


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်း ဆန္ဒပြပွဲ တစ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင် ပြုလုပ် သွားမည် ဖြစ်ကြောင်း ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် NLD ပါတီ အတွင်းရေးမှူး ဦးစိုးညွန့်က ပြောကြား သည်။

အဆိုပါ ဆန္ဒပြပွဲကို ရေနံချောင်းမြို့နယ် NLD ပါတီဝင်များ အပါအဝင် ဒေသခံ ၄၀၀ ကျော်ဖြင့် ဧပြီလ ၄ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
“ခွင့်ပြုချက် လျှောက်တာကအစ NLD မြို့နယ်အလုပ်အမှုဆောင်တွေရဲ့ လက်မှတ်နဲ့ လျှောက်တာပါ” ဟု ဦးစိုးညွန့်က ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ (၄၃၆) တွင် ပြဋ္ဌာန်းထားသော အခြေခံဥပဒေ ပြင် ဆင်ရေး ကန့်သတ်ချက်များနှင့် သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (ဃ) နှင့် (စ) တို့ကို ပြင်ဆင်ပေးရန် တောင်းဆို ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ဆန္ဒပြပွဲ စီစဉ်သူများက ပြောကြားသည်။
ယင်းသို့ ဆန္ဒဖော်ထုတ်ရန်အတွက် ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ဧပြီလ ၂ ရက်နေ့တွင် ခွင့်ပြုမိန့် ထုတ်ပေးပြီး ဖြစ်ကြောင်း ၎င်းတို့က ထပ်မံပြောဆိုသည်။
The Voice Weekly

No comments:

Post a Comment