Saturday, May 24, 2014

ထိုင်းသို့ပေးအပ်မည့် စစ်ဘက်အကူအညီ ဒေါ်လာ ၃ ဒသမ ၅ သန်းကို အမေရိကန် ရပ်ဆိုင်း

အမေရိကန်သည် ထိုင်းနိုင်ငံသို့ ပေးအပ်မည့် စစ်ဘက်ဆိုင်ရာအကူအညီ ဒေါ်လာ ၃ ဒသမ ၅ သန်းကို မေ ၂၃ ရက်တွင် ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ ယင်းသည် အမေရိကန်က ထိုင်းသို့ပေးအပ်မည့် အကူအညီစုစုပေါင်း၏ သုံးပုံတစ်ပုံ ဖြစ်ကြောင်းလည်း သိရသည်။ ၎င်းအပြင် အမေရိကန်က ထိုင်းသို့ ခရီးသွားရန် စီစဉ်ထားသည့် သူ၏နိုင်ငံသားများကိုလည်း ပြန်လည်စဉ်းစားကြ ရန် တောင်းဆို လိုက် သည်။
နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီဟက်ဖ် က ထိုင်းနိုင်ငံသို့ ပေးအပ်မည့် ဒေါ်လာ ၁ဝ ဒသမ ၅ သန်းတန်ဖိုးရှိ ကျန်အကူအညီများပေးရန်ကိုလည်း ပြန်လည် သုံးသပ်နေကြောင်း ပြောကြားခဲ့ သည်။

သူက “ဒေါ်လာ ၃ ဒသမ ၅ သန်း ထောက်ပံ့ဖို့နဲ့ ထိုင်းစစ်တပ်ကို လေ့ကျင့်ပေးဖို့ ကိစ္စကို ရပ်ဆိုင်းလိုက်ပါပြီ။ ကျန်တဲ့ အကူအညီတွေကိုလည်း ရပ်ဆိုင်းဖို့ သုံးသပ်နေပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့ သည်။ ဟက်ဖ်က ထိုင်းနိုင်ငံသို့ ဦးတည်ရောက်ရှိသွားနိုင်သည့် ငွေကြေးများကို သတ်မှတ်ရန် ၁ဝ နိုင်ငံ ပါဝင်သည့် အာဆီယံအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအတွက် ၎င်းတို့၏ ရန်ပုံငွေချထားပေးမှု များကို လည်း အသေးစိတ်ပြန်လည် စစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်က ၎င်းတို့၏ ဆုံးဖြတ်ချက်ကို အသိပေးရန် ထိုင်းစစ်ခေါင်းဆောင်များထံ ဆက်သွယ်ခဲ့သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် တစ်ရက်အကြာတွင်ယင်းကို ဆန့်ကျင် ဆန္ဒပြရန်အတွက် လူပေါင်း ၃ဝဝ ခန့် ဘန်ကောက်မြို့လယ်ကောင်တွင် စုဝေးခဲ့ကြသည်။ ယင်းသည် ထိုင်းနိုင်ငံ အကြီးအကဲအသစ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို ဆန့်ကျင်သည့် အစောပိုင်းလက္ခဏာ ရပ်ဖြစ်ပြီး သူ့အနေဖြင့် ပိုမိုကြီးထွားလာသည့် ဆန့်ကျင်မှုများကို ရင်ဆိုင်ရဖွယ်ရှိသည်ဟု ဆိုသည်။

Ref:AFP
Eleven Media Group

No comments:

Post a Comment