Wednesday, May 21, 2014

ဒုတိယဗိုလ်ချုပ်မှူးကြီး(အငြိမ်းစား) ဦးမောင်အေး ကွယ်လွန်သွားသည်ဆိုသော သတင်းမှန်ကန်မှုမရှိ

၂၀၁၄ ခုနှစ်၊ မေလ ၂၁ ရက် မနက် ၄ နာရီတွင် တပ်မတော်ဆေးရုံ၌ ဒုတိယဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးမောင်အေး ကွယ်လွန်သွားသည်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူ တစ်ဦး ထံမှ သိရသည်။
“ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ကွယ်လွန်တယ်ဆိုတာ မဟုတ်ပါဘူး၊ အိမ်မှာ ကျန်းကျန်းမာမာ ရှိပါတယ်၊ ကျွန်မလည်း သူတို့ မိသားစုနဲ့ ရင်းနှီးတော့ အမြဲတမ်းအဆက်အသွယ်ရှိပါတယ်၊ Online ပေါ်မှာ ပျံ့နှံ့နေတာ ကြောင့် ချက်ချင်းလှမ်းမေးတော့ မဟုတ်ဘူး၊ အိမ်မှာပဲ ကျန်းမာစွာ နေထိုင်လျက် ရှိပါတယ်ဆိုပြီး ပြန်ဖြေတယ် ” ဟု ၎င်းက ပြောကြားသွားသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ နေပြည်တော် ကုတင် ၁၀၀၀ စစ်ဆေးရုံသို့ ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ကျအရာရှိတစ်ဦးက “ မဟုတ်ပါဘူး၊ ဒီဆေးရုံမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး လည်း ဆေးရုံလာ မတက်ပါဘူး၊ အိမ်မှာပဲ ကျန်းကျန်းမာမာ ရှိနေတယ်လို့ သိရပါတယ် ” ဟု ပြောသည်။

Online တွင် ပျံ့နှံ့နေသောသတင်းမှာ တပ်မတော်ဆေးရုံတွင် ကွယ်လွန်သွားသည်ဟု ရေးသားထား၍ မင်္ဂလာဒုံ စစ်ဆေးရုံသို့ ဆက်သွယ်မေးမြန်းကြည့်ရာ “ တပ်မတော်ဆေးရုံတွေက အများကြီး ရှိတာပါ၊ သတင်းရေးတဲ့ လူက ဆေးရုံနာမည် အတိအကျရေးဖို့ လိုတာပေါ့၊ ဒီ မင်္ဂလာဒုံစစ်ဆေးရုံမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ဆေးရုံလာတက်တာ မရှိပါဘူး၊ ကွယ်လွန်တယ်ဆိုတဲ့ သတင်းဟာ လုပ်ကြံသတင်းပါ၊ ကောလဟလ လျှောက်လွှင့်တာပါ၊ အိမ်မှာပဲ ရှိတယ်လို့ သိရပါတယ် ” ဟု တာဝန်ကျအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ ဒုတိယဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား)ဦးမောင်အေး ၏ မိသားစုနှင့် နီးစပ်သော အသိုင်းအ၀ိုင်းများ၊ စစ်ဘက်အသိုင်းအ၀ိုင်းနှင့် တပ်မတော်ဆေးရုံများ၏ အတည်ပြုချက်အရ ကွယ်လွန်သွား သည်ဟူသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း သိရှိရပါသည်။

ရှင်းသန့် (နေပြည်တော်)

No comments:

Post a Comment