Friday, May 16, 2014

၅၉(စ)မပြင်ရန် စီတန်းလှည့်လည်အပြီး ဗုဒ္ဓဆင်းတုများ မဲဖောက်ပေး

ပုဒ်မ ၅၉(စ)မပြင်ရန် ဧရာဝတီတိုင်း၊ ဇလွန်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး ပါတီဝင်များနှင့် ဒေသခံငါးထောင်ကျော်တို့ ပူးပေါင်းပြုလုပ်သည့် မေ ၁၅ ရက် ဆန္ဒပြပွဲ အပြီး စီတန်းလှည့်လည်မှုတွင် ပါဝင်သူများကို ဗုဒ္ဓဆင်းတုတော်များ မဲဖောက်ပေးလိုက်သည်။
“ကျွန်တော်က ဒီပွဲကို ရည်ရွယ်ပြီး ဘုရားတွေကို ဆောင်ထားတာ မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော်က ပုံမှန်လုပ်နေတာခင်ဗျ။ ဒီတစ်ခါနဲ့ဆို လေးခါလောက် ရှိပါပြီ။ ဒီနေ့တော့ အဆူရှစ်ရာ လောက်ပဲရှိတယ်”ဟု
ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးချိုမြင့်ခိုင်က မဇ္ဈိမကို ပြောသည်။

လူဦးရေ ငါးထောင်ကျော်ခန့်ပါဝင်သည့် ဆန္ဒပြပွဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် နှစ်ထောင်ခန့်ပါဝင်သည်။
ဆန္ဒပြသူများက ပုဒ်မ ၅၉ (စ) ထောက်ခံပေး၊ အမျိုးသာသာသာသနာ တိုးတက်စေဖို့ ၅၉(စ) ထောက်ခံ စို့ဟူသည့် ဆိုင်းဘုတ်များကိုင်ဆောင် ဆန္ဒပြခဲ့သည်ဟု ဦးချိုမြင့်ခိုင်က ပြောသည်။
အဆိုပါ စီတန်းလှည့်လည်မှုတွင် ပါဝင်သူများသည် ဆန္ဒပြရမည်ကို မသိရှိဘဲ ဘုရား ဆင်းတုတော် မဲဖောက်ပေးအပ်မည်ဟုသာ သိရှိသကဲ့သို့ ဒေသအချို့တွင် ဒန်ပေါက်ဝေမည်ဟု ကြေညာ ထားမှုကြောင့်သာ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ဇလွန်မြို့ခံအမည်မဖော်လိုသူ အသက် ၂၅ နှစ် ၀န်းကျင် လူငယ်တစ်ဦးက ဝေဖန်ပြောဆိုသည်။

“တစ်အိမ်ကို ဘုရားမဲဖောက်ရအောင်ဆိုပြီးတော့ ခေါ်တာ။ မနက်ဖြန် မနက် ပြည်တော်ပြန်ဘုရားကြီးကို အရောက် လာခဲ့ပါဆိုပြီးတော့။ အဲ့ဒီမှာ မသိဘဲနဲ့ပါ သွားတဲ့သူတွေက အများကြီးပဲ”ဟု ဆိုသည်။ သို့သော် မြို့နယ်ပြည်ခိုင်ဖြိုး အတွင်းရေးမှူးကမူ သမ္မတအရည်အချင်းသတ်မှတ်ခြင်းဆိုင်ရာ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ပူးပေါင်းဆန္ဒပြရန် ပါတီစည်းရုံးရေးမှူးများက ဒေသခံများကို ဖိတ်ခေါ်ခဲ့ခြင်း ဟုဆိုသည်။

ဆန္ဒပြပွဲသို့ဒေသခံများက ထော်လာဂျီ ၁၈၉ စီးဖြင့် လာရောက်ကြပြီး ခရီးစရိတ်ကိုလည်း ပါတီက အကုန်အကျခံခဲ့သည်ဟု ဦးချိုမြင့်ခိုင် က ပြောသည်။

Mizzima

No comments:

Post a Comment