Saturday, May 31, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား

မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကို ခံခဲ့ရပြီး ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စွပ်စွဲထားသော ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး အရေးနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် သောကြာနေ့ ညနေပိုင်းက ပစ်ခတ် မှုများ ဖြစ်ပွား ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများနှင့် အေအက်ဖ်ပီ သတင်းဌာနတို့၏ ဖော်ပြချက်အရ သိရသည်။

နယ်ခြားစောင့် တပ်ဖွဲ့ဝင်၏ အလောင်းကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့၏ မျှော်မှန်း ထားသလို ပြန်လည်မပေးအပ်ခဲ့သည့် နောက်ပိုင်း သောကြာနေ့ ညနေပိုင်းတွင် ပစ်ခတ်မှုများဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း အရှေ့တောင်ပိုင်း Bandarban ပြည်နယ်ရဲအရာရှိချုပ် Devdash Bhattacharya ၏ ပြောစကားအပေါ် ကိုးကား၍ အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြသည်။

“မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဒီနေ့ (သောကြာနေ့)မှာ အလောင်းကို ပြန်လည်ပေးအပ်ရမှာပါ။ ဒါပေမဲ့ နယ်စပ်တစ်လျှောက်မှာ ပစ်ခတ်မှုတွေဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းပို့ချက်တွေကိုပဲ ကျွန်တော်တို့ ရနေပါတယ်” ဟု ၎င်းကပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နှင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ၄၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းနှင့် ပစ်ခတ်မှုမှာ သောကြာနေ့ မွန်းလွဲဘင်္ဂလား ဒေ့ရှ်စံတော်ချိန် ၄ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ကနဦးသတင်းပေးပို့ချက်များအရ ၄၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာတွင် ထိခိုက်ဒဏ်ရာရရှိမှုများ မရှိသေးကြောင်း BGB’s Bandarban Sector Commander Col KM Saiful Islam ကို ကိုးကားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် အွန်လိုင်းသတင်း မီဒီယာ bdnews24 တွင် ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က ပစ်ခတ်မှုအပြီး နောက်ပိုင်းတွင် နှစ်ဖက်တင်းမာမှုများ ရှိခဲ့ကြောင်းနှင့် မြန်မာ ဘက်က အသေဖမ်းမိ ထားသည့်အလောင်းအား မြန်မာဘက်မှ မည်သူမည်ဝါဟု အတည် မပြုပေးနိုင်ခြင်းကြောင့် ၎င်းတို့ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ပျောက်ဆုံးနေသူ ဟုတ်၊ မဟုတ်သိဖို့အတွက် အလောင်းအား ပြသရန် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့အား တောင်းခံ ခဲ့ပြီး သောကြာနေ့ ၃ နာရီခွဲတွင် ကြည့်ရှုစစ်ဆေးရန် စီစဉ်ထားရှိခဲ့သော်လည်း မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့က စတင်ပစ်ခတ်ခဲ့သောကြောင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြန်လည်ပစ်ခတ် ခဲ့ရကြောင်း BGB Director General Maj Gen Aziz Ahmed ၏ ပြောစကားအား ကိုးကားဖော်ပြပါရှိသည်။

လက်ရှိနယ်စပ် အခြေအနေမှာ နှစ်ဖက်ယုံကြည်မှု ပျက်ပြားနေသည့် အနေအထားတွင် ရှိနေပြီး သောင်းကျန်းသူများအား ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ တာဝန်ယူရှင်းလင်း ပေးမှုများ မရှိသေးကြောင်းလည်း သိရသည်။ ၎င်းအပြင် ယနေ့ပစ်ခတ်မှုမှာလည်း နယ်စပ်တွင် လှုပ်ရှားနေသည့် လက်နက်ကိုင်များမှာ မည်သည့်အဖွဲ့ကဟု သဲသဲကွဲကွဲမသိရှိခြင်း၊ နှစ်ဖက်ယုံကြည်မှု ပျက်ပြားနေခြင်း အပြင် သောင်းကျန်းသူများ၏ ချုံခိုတိုက်ခိုက်မှုများ ဖြစ်နိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားသည်ဟု အတည်မပြု နိုင်သေးကြောင်း အမည်မဖော်လိုသည့် မြန်မာဘက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသားကျေးရွာမှ ဒေသခံတစ်ဦးက “ကျွန်မတို့ တမန်းသားမှာ သိပ်ကြောက်နေကြတယ်။ သေနတ်သံတွေကို ညဆိုရင် ကြားရတယ်။ မနေ့ကတည်းက ကြားရတာ ဒီညလည်း ကြားနေရတယ်။ ဗန္ဓုလဘက်မှာ ဖြစ်နေတယ်လို့ သိရတယ်။ အခုတမန်းသားက လူတွေဟာ စိုးရိမ်စိတ် အရမ်းများနေကြတယ်” ဟု ပြောကြားသည်။

အဆိုပါပစ်ခတ်မှုများနှင့် ပတ်သက်ပြီး အတည်ပြုပေးရန် အမှတ်(၁)နယ်ခြားစောင့် တပ်အား The Daily Eleven က ဆက်သွယ်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ဆက်သွယ်မရရှိခဲ့ပေ။ မေ ၂၈ ရက်က မြန်မာပိုင်နယ်စပ် ခြံစည်းရိုးသို့ ဖြတ်ကျော်ဝင်ရာက်လာသော RSO သောာင်းကျန်းသူ လက်နက်ကိုင်တစ်ဦးအား မြန်မာဘက်က ခုခံပစ်ခတ်မှုကြောင့် သေဆုံးခဲ့မှုအပေါ် တစ်ဖက်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တပ်ရင်းမှ သေဆုံးသူမှာ ၎င်းတို့၏တပ်ဖွဲ့ဝင်ဟု ပြော ဆိုကာ တောင်းဆို မှုကြောင့် မြန်မာနယ်စပ် လုံခြုံရေးတပ်မှ နှစ်နိုင်ငံနယ်စပ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် တာဝန်ရှိသူများ ပစ်ခတ်မှုဖြစ်ပွားရာ နယ်စပ်မှတ်တိုင် ၅၂ ဘက်သို့ ထွက်ခွာခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။

“ပစ်ခတ်မှုဖြစ်ခဲ့တာက ဒီဘက်ကို ချဉ်းကပ်ဝင်လာလို့၊ နယ်စပ်လုံခြုံရေး အနေအထားအရ ဖြစ်ခဲ့တာ။ အခုဖမ်းမိတဲ့သူဟာဆိုရင် ယူနီဖောင်းက အ၀ါရောင်ပြောက်ကျား ၀တ်စုံဝတ်ထားတယ်။ ပခုံးဘတ်လည်း မပါဘူး။ ခြံစည်းရိုးနားကပ်လာလို့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်။ နောက်မှ သူတို့ BGB က အရာရှိလို့ ထုတ်ပြောလာတယ်။ အခုဖြစ်စဉ်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ တွေ့ဆုံဆွေးနွေးဖို့နဲ့ ဖမ်းထားတဲ့သူကို ပြန်ပေးဖို့ တောင်းထားတာရှိတယ်။ ဇွန်လဆန်းပိုင်းမှာတော့ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ သိရတယ်။ နေ့ကို အတည်မပြုနိုင်သေးဘူး” ဟု မြန်မာနယ်ခြားစောင့်တပ်မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နယ်စပ်တစ်လျှောက် အင်အားဖြည့်တင်း မှုများ ပြုလုပ်လျက်ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။ မေ ၂၈ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နယ်မှ ဗိုလ်မှူးကြီး အဆင့်ရှိ ဖော်ရီဒ်ဟာဆန် ဦးစီး၍ နတ်ချောင်းစရီမြို့၊ ဘီဂျီဘီ ၃၁ တပ်ရင်းသို့ ရောက်ရှိပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် လှုပ်ရှားရန် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

မေ ၂၈ ရက်ညအချိန်တွင် ဘင်ဒရော်ဘင် မြို့နယ်အခြေစိုက် တပ်မ ၆၉ တပ်မှ သံချပ်ကာကား ခြောက်စီးသည် ဘီဂျီဘီတပ်ရင်း(၃)သို့ ဖြန့်ခွဲရောက်ရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခါကာရာဆူရီမြို့နယ် အခြေစိုက် တပ်မ ၂၀၃ လက်အောက်ခံတပ်ရင်း(၂) တပ်ရင်းမှူး အင်အား ၅၀၀ ခန့်အား နယ်စပ်မှတ်တိုင် ၃၇ မှ ၆၅ အထိ ဘီဂျီဘီစခန်းများသို့ ဖြန့်ကျက်ထားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် မီဒီယာများတွင် ဖော်ပြထားသည်။

Eleven Media Group

No comments:

Post a Comment