Friday, May 16, 2014

ဝေဖန်မှုများရှိနေသည့် ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်မူကြမ်းအပေါ် နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းမှု မပြီးပြတ်ခဲ့ဘဲ အကြံပြုစာများ ပေးပို့ရန် ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

မဲဆွယ်စည်းရုံးခွင့် ကန့်သတ်ချက်ကဲ့သို့ ဝေဖန်ခံရသည့် အချက်များစွာ ရှိနေသည့် ရွေးကောက်ပွဲကော် မရှင်၏ ညွှန်ကြားချက် မူကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီများနှင့် မေ ၁၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မပြီးပြတ်ခဲ့ဘဲ အကြံပြုချက်များ ပေးပို့သွားရန် နိုင်ငံရေးပါတီများကို ပြောကြားခဲ့သည်။
“ကျွန်တော်က စေတနာနဲ့ လုပ်လိုက်တာပါ။ ရွေးကောက်ပွဲမှာ ကျွန်တော်က ဒိုင်ပါပဲ။ ခင်ဗျားတို့တွေ သဘောတူရင် ကြိုက်ရာလုပ်။ သို့ပေမယ့် တချို့ဟာလေးတွေက ကျွန်တော်ချုပ်ချုပ်ထားတာရှိတယ်။ ချုပ်ချုပ်ထားတာ လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှု မရှိမှာတို့၊ တရားဥပဒေနဲ့ မညီမှာတို့ ဒီလိုတွေ ဖြစ်မှာစိုးလို့သာ ချုပ်ထားတာ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ လုပ်ချင်ရာ လုပ်မယ်ဆိုရင် ကျွန်တော်က ပိုသဘောကျပါတယ်။ သို့သော်လည်းပဲ သဘောကျပေမယ့် ကျွန်တော် ခွင့်မပြုပါဘူး” ဟု ၎င်းကဆိုသည်။
ယခု ညွှန်ကြားချက်ကို မကြာမီထုတ်ရမည် ဖြစ်ကြောင်း၊ အဆိုပါစနစ်ကို စမ်းသွားမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲပေါ် မူတည်ပြီး ၂၀၁၅ ခုနှစ် ပြန်ပြင်သင့်ပါက ပြန်ပြင်သွားမည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် မလိုအပ်ဘဲ ဥပဒေမထုတ်ပါ ကြောင်းလည်း ၎င်းက ပြောကြားသည်။
“ဥပဒေတွေ ထုတ်တယ်။ ဥပဒေကို တင်းတင်းကျပ်ကျပ် မကိုင်ဘူး။ မကိုင်တော့ လူတွေကဘာဖြစ်လဲ။ ဥပဒေဆိုတာ ချိုးဖောက်လို့ရပါလားဆိုတဲ့ ဟာကြီးက ၀င်သွားတယ်။ ကျွန်တော်ကတော့မရဘူး။ ကျွန်တော် ဒီလိုမဖြစ်ချင်ပါဘူး။ မလိုရင်လည်း မထုတ်ပါဘူး။ ထုတ်ရင်လည်း လိုက်နာစေချင်ပါတယ်။ မလိုက်နာရင်လည်း ထိုက်သင့်တဲ့ အရေးယူမှု ကျွန်တော်လုပ်ပါ့မယ်။ ဒီလိုလုပ်တယ်ဆိုတာ ကျွန်တော်က အာဏာရှင် မဟုတ်ပါဘူး။ ခင်ဗျားတို့ကို တိုင်ပင်မှာပါ။ ခင်ဗျားတို့က လုပ်လို့ရှိရင် ကျွန်တော်က ဆွေးနွေးမှာပါ။ ဒါတော့ မလုပ်သင့်ဘူးထင်တယ်။ ဘာတော့ လုပ်ချင်တယ်ဆိုရင် ကျွန်တော်ခွင့်ပြုနိုင်ရင် ခွင့်ပြုပါမယ်” ဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
ယင်းညွှန်ကြားချက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ညွှန်ကြားချက်ပါ အချက်များကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ ဥပဒေကြောင်းအရသာ ပြောကြားသွားရန်ရှိကြောင်း ပြောကြားသည်။
“အခွင့်အာဏာ မပေးထားဘူး။ ဘယ်ဥပဒေမှာမှ။ မဲဆွယ်စည်းရုံးခြင်းကို ကန့်သတ်ဖို့။ အဲဒါကြောင့် အဲဒါမထုတ်နိုင်ဘူး။ ထုတ်ရင် ဥပဒေနဲ့ မညီဘူး။ ဒါ တစ်ချက်။ ဒုတိယ တစ်ချက်က တကယ်လို့ ထုတ်ခဲ့ရင် ကိုယ့်ကို မပေးထားတဲ့ အာဏာကို ကိုယ့်ဟာကိုယ် ညွှန်ကြားချက် ဥပဒေထုတ်တယ်။ အဲဒါက ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ငန်းကို ၀င်ရောက်စွက်ဖက်ရာ ရောက်တယ်။ အန်ကယ် ဒီနှစ်ချက်ကို တင်ထားတယ်” ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများမှ ကန့်ကွက်ခဲ့သော ညွှန်ကြားချက်ပါ မူကြမ်းပါအချက်များမှာ မဲဆွယ်စည်းရုံးခွင့် ကာလရက် သတ်မှတ်ချက်အား တိုးမြှင့်ပေးရန်၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်သည့် နေရာတွင် စုဝေးဟောပြောခြင်း၊ လှည့်လည်ဟောပြောခြင်းစသည့် မဲဆွယ်စည်းရုံးမှုများအစား ကော်မရှင်ထံသို့ ကြိုတင်အသိပေး အကြောင်းကြားခြင်းသို့ ပြောင်းလဲပေးရန် စသည်တို့ဖြစ်ကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment