Friday, May 16, 2014

ပေါက်မြို့ လက်နက်စက်ရုံကိစ္စ CNS ထုတ်ပြန်မှု အရေးစိုက်ရန်မလိုဟု ဦးရဲထွဋ်ပြော

အမေရိကန်အခြေစိုက်၊ဂျိမ်း(စ်)မာတင် ဖျက်အားပြင်းလက်နက်များ မပြန့်ပွားရေး သုတေသန (CNS) ကမေလ ၉ ရက်တွင်ထုတ်ပြန်ခဲ့သော ပေါက်မြို့ရှိ စက်ရုံမှာ မြန်မာအစိုးရက ပြောထားသည့်အတိုင်း သာမန်လက်နက်စက်ရုံတစ်ခုမဖြစ်နိုင်ဟု ထုတ်ပြန်ချက်အပေါ် ဂရုမစိုက်ကြောင်း သမ္မတပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောသည်။
“ကျွန်တော်တို့ ပေါက်က စက်ရုံနဲ့ပတ်သက်ပြီးတော့ အင်အားကြီးနိုင်ငံ အမေရိကန်အပြင် ကုလသမဂ္ဂလို အဖွဲ့တွေကတောင် ဘာမှမပြောပါဘူး။ ဒီလိုအဖွဲ့လေးတွေက ပြောနေတာတွေကို ဂရုမစိုက်ပါဘူး။
ဘယ်နိုင်ငံ မဆို ကိုယ့်နိုင်ငံအတွက် သမားရိုးကျ ကာကွယ်ရေးအတွက် လုံခြုံရေးယူထားတာတွေပဲ ရှိပါတယ်။ အခုလိုပြောနေတာနဲ့ပက်သက်ပြီး ကျွန်တော်တို့ လုံးဝ ကန့်ကွက်ပါတယ်”ဟု ဦးရဲထွဋ်က ဆိုသည်။

ဆက်လက်ပြီး ၎င်းက မြန်မာနိုင်ငံသည် ၁၉၉၃ ခုနှစ်တွင် ကုလသမဂ္ဂနိုင်ငံများအတွင်း ဓာတုလက်နက်များ မပြန့်ပွားရေးစာချုပ်ကို ပမာဏလက်မှတ်ထိုးထားပြီး လက်ရှိအခြေအနေတွင် ဒုတိယအဆင့်အဖြစ် အတည်ပြုရန် ကုလသမဂ္ဂနှင့်မြန်မာနိုင်ငံကြား ညှိနှိုင်းနေကြောင်းလည်း ပြောသည်။
CNS ၏ ထုတ်ပြန်ချက်တွင် စက်ရုံကို ဓာတုလက်နက်များထုတ်လုပ်သည့် စက်ရုံဖြစ်ကြောင်း အတည်ပြုရန် မဖြစ်နိုင်သော်လည်း စက်ရုံ၏ အရွယ်အစား၊ ဖွဲ့စည်းပုံနှင့် တည်နေရာအနေအထားတို့မှာ သာမန် လက်နက်စက်ရုံတစ်ခုအနေဖြင့် မကိုက်ညီကြောင်း ထည့်သွင်းထားသည်။

၂၀၀၄ ခုနှစ် ဂြိုဟ်တုဓာတ်ပုံများတွင် လယ်ယာမြေများဖြစ်သာတွေ့ရပြီး၊ ၂၀၀၉ ခုနှစ် ဓာတ်ပုံများက အဆောက်အအုံ ဆောက်လုပ်ရန် ဖောင်ဒေးရှင်းများ လုပ်ဆောင်နေသည့်ပုံများကို တွေ့ရမည်ဖြစ်သည်။ ၂၀၁၂ ခုနှစ် ၂၀၁၄ ခုနှစ် ဓာတ်ပုံများက စက်ရုံ၏ နောက်ဆက်တွဲဆောက်လုပ်ရေးလုပ်ငန်းများကို ဖော်ပြထားကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
“ကျွန်တော်တို့အနေနဲ့ ယူနတီဂျာနယ်မှာ ပါခဲ့တဲ့ ဓာတ်ပုံတွေနဲ့ စီးပွားရေးသုံးဂြိုဟ်တုက ရခဲ့တဲ့ ဓာတ်ပုံတွေကို နှိုင်းယှဉ်ပြီးစက်ရုံတည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်”ဟု CNS မှ ပညာရှင်များထဲမှတစ်ဦးဖြစ်သည့် Mr Jeffrey Lewis က ၀ါရှင်တန်အခြေစိုက် National Journal တွင် ပြောထားသည်။

ယူနတီဂျာနယ်က ပေါက်မြို့နယ်တွင် လျှို့ဝှက် ဓာတုလက်နက်စက်ရုံ တည်ဆောက်နေကြောင်း ထုတ်ဖော်ရေးသားမှုကြောင့် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ် အပါအ၀င် နယ်ခံသတင်းထောက်နှင့် သတင်းထောက်သုံးဦးကို အစိုးရက မြန်မာနိုင်ငံလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁) (က/၉) ဖြင့် တရားစွဲဆိုခဲ့သည်။ အမှုမှာ ယခုချိန်ထိ ပြီးဆုံးခြင်း မရှိသေးကြောင်း သိရသည်။

အစိုးရဘက်မှ ထိုစက်ရုံမှာ ပေါက်မြို့ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံတည်ဆောက်နေမှုသာဖြစ်ကြောင်း ပြန်လည် ငြင်းဆန်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment