Thursday, June 19, 2014

စက်ယန္တရားကြီးများဖြင့် တရားမ၀င်ရွှေများ တူးဖော်မှုများကို ဖမ်းဆီးနိုင်ခြင်း မရှိ

စက်ယန္တရားကြီးများဖြင့် တရားမ၀င် ရွှေများတူးဖော်မှုများကို သက်ဆိုင်ရာက ဖမ်းဆီးနိုင်ခြင်းမရှိဘဲ အသေးစားယန္တရားများဖြင့် ဆောင်ရွက်သည့် တစ်ပိုင်တစ်နိုင် တူးဖော်နေသူများကိုသာ ဖမ်းဆီး မှုများ ပြုလုပ်နေသည်ဟု မြန်မာနိုင်ငံ သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးမောင်ကို က ဝေဖန်လိုက်သည်။

“ဘတ်ဖိုးစက်ကြီးတွေနဲ့ ခိုးတူးနေတာ မဖမ်းမိဘူး။ စက်အသေးစားကလေးတွေပဲ မိနေတာ”ဟု ဥက္ကဋ္ဌ ဦးမောင်ကိုက မဇ္ဈိမကို ပြောသည်။

တရားမ၀င် ခိုးတူးသူများ၏ လောဘကြောင့် သဘာဝနှင့်ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ၇၀ ရာခိုင်နှုန်းအထိ ရှိနေသည်ဟု ဇွန် ၁၇ ရက် မြန်မာနိုင်ငံ သတ္တုတွင်း လုပ်ငန်းရှင်းများ အသင်းချုပ် နှစ်ပတ်လည်တွင် ဥက္ကဋ္ဌ ဦးမောင်ကိုက ပြောသည်။

အဆိုပါ ဘတ်ဖိုးများဖြင့် တရားမ၀င် ခိုးတူးသူများနှင့် ပတ်သက်ပြီး မည်သို့ ဆောင်ရွက်မည်ကို သတ္တုတွင်း ဒု-၀န်ကြီး ဦးသန်းထွန်းအောင်ကို မေးမြန်းရာတွင် “အဲဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် များတွင် စစ်ဆေးရေးအဖွဲ့များ ဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။ အရေးယူဖို့က ကျွန်တော်တို့ ၀န်ကြီးဌာနနဲ့ မဆိုင်ဘူး။ အဖွဲ့ထဲမှာတော့ ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ဝန်ကြီးဌာနတွင် စက်ယန္တရားကြီးများဖြင့် ရွှေခိုးတူးဖော်သူများကို အရေးယူခဲ့သည့် အမှုတွဲ သုံးခုခန့်သာရှိပြီး ယင်းတို့ အနက် တစ်ဦးကို ထောင်ခုနစ်နှစ် ပြစ်ဒဏ်ပေးနိုင်ခဲ့သည်ဟု သတ္တုတွင်းဝန်ကြီး ဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောကြားသည်။

“အဓိကတော့ ကျောက်စိမ်းတူးတဲ့ ဘတ်ဖိုးတွေက ရပ်နားထားတာ အစီး ၁,၀၀၀ လောက်ရှိတယ်။ ဒါကို အောက်ခြေက လူတွေက ထမင်းစရိတ်လေး ဘာလေးရအောင်ဆိုပြီး အငှားလိုက်တာ”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

Mizzima

No comments:

Post a Comment