Tuesday, June 17, 2014

စင်ကာပူတွင် အိမ်ဖော်လုပ်မည့် ၁၆ နှစ်အရွယ် မိန်းကလေးနှစ်ဦးကို အုပ်ထိန်းသူများထံ ပြန်အပ်

Photo: စင်ကာပူတွင် အိမ်ဖော်လုပ်မည့် ၁၆ နှစ်အရွယ် မိန်းကလေးနှစ်ဦးကို အုပ်ထိန်းသူများထံ ပြန်အပ်
Tuesday, June 17, 2014

ဗဟန်းမြို့နယ် ရွှေဂုံတိုင် အလယ်ရပ်ကွက်ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုတွင် စင်ကာပူနိုင်ငံသို့ အိမ်ဖော်အလုပ် သွားရောက် လုပ်ကိုင်မည့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ဒေသမှ အသက် ၁၆ အရွယ် မိန်းကလေးနှစ်ဦးကို ဇွန်လ ၁၆ ရက် ညနေပိုင်းက ၎င်းတို့၏ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံမည် ဖြစ်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးရေးရာ ဌာန တာဝန်ခံ ဒေါ်နီလာသိန်းက ပြောကြားသည်။

“ကောင်မလေးတွေက ဒီနှစ် ၁၀ တန်းကျပြီး မိဘတွေကလည်း စီးပွားရေး အဆင်မပြေလို့ အေဂျင်စီနဲ့ ဆက်သွယ်ပြီး အကြွေးစနစ်နဲ့ စင်ကာပူမှာ အိမ်ဖော်အလုပ် သွားလုပ်မှာ။ ဒါပေမဲ့ အသက်က ၁၆ နှစ်ပဲ ရှိသေးတာ။ ဟိုရောက်ရင် မိမိကိုယ်ကိုယ် ကာကွယ်ပေးနိုင်မယ့် ဥပဒေ အကြောင်းအရာတွေ နားမလည်သေးတော့ ကြုံသလို ဘဝတွေ ဖြတ်သန်းရင်းနဲ့ လမ်းမှားရောက်မှာ စိုးရိမ်လို့ အုပ်ထိန်းသူတွေထံ ပြန်အပ်ခဲ့တာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ မိန်းကလေးနှစ်ဦးကို ပြန်လည်ခေါ်ဆောင်ပေးရန် ၎င်းတို့ ပညာသင်ကြားခဲ့သော တောင်ကြီးမြို့နယ် ရေကြည်စမ်း ဘကကျောင်းမှ ဆရာတော်နှင့် စင်ကာပူနိုင်ငံတွင် သီးတင်းသုံးနေသူ ဦးထေရဝသင်္တတို့က ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အမျိုးသမီးရေးရာ ဌာနသို့ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဇွန် ၁၅ ရက် ညနေပိုင်းက စင်ကာပူကို ပို့ပေးမယ့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီရုံးကို ဝင်စစ်ဆေးခဲ့တာ။ အိမ်အကူ စေလွှတ်ဖို့ သင်တန်းတက်နေတဲ့ အမျိုးသမီးငယ် ၁၃ ယောက်ကို တွေ့ခဲ့တယ်။ အေဂျင်စီက လိုင်စင်ရှိတယ်။ ပြီးတော့ အခုပို့မယ့် အမျိုးသမီးတွေက သူတို့ရဲ့ သဘောတူဆန္ဒနဲ့ ပြည်ပမှာ အိမ်ဖော်သွားလုပ်ချင်တာကြောင့် လူကုန်ကူးမှု မမြောက်ပါဘူး။ အသက် ၁၆ နှစ်အရွယ် ကလေးမ နှစ်ယောက်ကို အုပ်ထိန်းသူတွေက ပြန်ခေါ်ချင်တယ် ဆိုလို့ ရဲတပ်ဖွဲ့က ကူညီပေးခဲ့တာပါ” ဟု အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

စင်ကာပူသို့ အိမ်ဖော်စေလွှတ်မည့် အမျိုးသမီး ၁၃ ဦးမှာ ရှမ်းပြည်နယ်မှ အမျိုးသမီးကိုးဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီး လေးဦးတို့ဖြစ်ပြီး ၎င်းတို့အထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသော အမျိုးသမီးငယ် သုံးဦး ပါရှိကြောင်း၊ ယခု အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးမည့် မိန်းကလေးနှစ်ဦးမှာ ပြည်ပနိုင်ငံတွင် ဒုက္ခရောက်မည်ကို ၎င်းတို့၏ အုပ်ထိန်းသူများက စိုးရိမ်သောကြောင့် ပြန်လည် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဗဟန်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတော့ တခြားနိုင်ငံတွေမှာ အရွယ်မရောက်သေးတဲ့သူတွေ သွားလုပ်နေရတာ။ ဒါပေမဲ့ အရွယ်မရောက်တော့ ကိုယ်ကို ကာကွယ်ပေးနိုင်မယ့် ဥပဒေကို ကလေးတွေက မသိကြဘူး။ တချို့အေးဂျင့်တွေကလည်း လွှတ်ပေးရုံသက်သက် တာဝန်ယူတာ။ ကျန်တာ ဘာမှ တာဝန်ယူပေးတာ သိပ်မရှိတော့ ဒုက္ခတွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံက အရွယ်မရောက်သေးတဲ့ ကလေးတွေ ပြည်ပနိုင်ငံမှာ ကြုံသလို ဘဝတွေ ရင်ဆိုင်ရတာ အများကြီးရှိတယ်” ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးရေးရာဌာန တာဝန်ခံ ဒေါ်နီလာသိန်းက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment