Friday, June 20, 2014

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရာထူးမှ ထုတ်ပယ်

ငွေကြေးအလွဲသုံးစာမှုနဲ့ အမှုဖွင့် စစ်ဆေးခံနေရတဲ့ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲလိုက်ပြီ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
သို့သော်လည်း ဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲတာနဲ့ ပတ်သတ်လို့အကြောင်းအရင်းကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ငွေကြေးအလွဲသုံးစား ပြုမှုဖြင့် ဦးဆန်းဆင့်ကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) ညွှန်ကြားရေးမှူး ဦးဌေးလွင်က ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှာ အမှုဖွင့်ထားတယ်လို့ နေပြည်တော် ဥတ္တရသိရီမြို့နယ် ဘုရားကုန်းရဲစခန်း မှုခင်းလက်ခံဌာနက ရဲတပ်ကြပ်ကြီး ဇော်ဝင်းက အတည်ပြုပါတယ်။
ဦးဆန်းဆင့်ကို ပြည်ထဲရေး ဝန်ကြီးဌာနတွင် ဖမ်းဆီးထိန်းသိမ်းထားလို့ အစိုးရအဖွဲ့ တာဝန်ရှိသူများက အတည်ပြုထားပါတယ်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် သာသနာရေး ဝန်ကြီးဌာနရဲ့ ဘဏ္ဍာငွေ တောင်းခံတဲ့ စာရင်းမှာ ပါဝင်ခြင်း မရှိတဲ့ လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင် ကျေးရွာမှာ နှစ်ကျိပ် ရှစ်ဆူ အောင်တော်မူ စေတီတော်ကို မိသားစု အလှူတစ်ရပ်အဖြစ် လှူဒါန်းခဲ့တဲ့ နေရာမှာ ဌာနပိုင်ငွေ၊ မော်တော်ယာဉ်၊ စက်သုံးဆီနဲ့ ဝန်ထမ်းတွေကို ဌာနလုပ်ငန်းနဲ့ သက်ဆိုင်ခြင်း မရှိဘဲ ကိုယ်ကျိုးသုံးစွဲခဲ့ပါတယ်။
အဲလို သုံးစွဲခဲ့တဲ့အပြင် ဝန်ကြီးဌာန ငွေစာရင်းကိုလည်း မမှန်မကန် စာရင်းပြတယ်လို့ စစ်ဆေး ပေါ်ပေါက်တဲ့အတွက် ဦးဆန်းဆင့်နဲ့ အပေါင်းအပါ ကိုးဦးကို ပ/၂၁/၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉/ ၁၀၉ အရ ဥတ္တရသီရိမြို့ ဘုရားကုန်းမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်တယ်လို့ အဲဒီရဲစခန်းက အတည်ပြုပါတယ်။
ဦးဆန်းဆင့်ဟာ သာသနာရေးဝန်ကြီး တာဝန်မထမ်းဆောင်မီ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ တပ်မတော်အစိုးရ လက်ထက်မှာ အမှတ် (၃) စစ်ဒေသမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး (ဗိုလ်မှူးချုပ်)၊ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် စစ်ရာထူးခန့်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ သူရဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အဂတိတရား ကင်းစင်သူလို့ မီဒီယာမျာမှာ ဖော်ပြခံရလေ့ ရှိသူလည်း ဖြစ်ပါတယ်။

The Voice Weekly

No comments:

Post a Comment