Wednesday, June 11, 2014

မဟာသန္တိသုခ ကျောင်းတိုက်ပြဿနာ သာသနာရေးဝန်ကြီးဌာနက ယနေ့ရှင်းမည်

မဟာသန္တိသုခကျောင်းတိုက်ကို တိုင်းသံဃနာယက ဆရာတော်များ ဦးဆောင်၍ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အားတစ်ထောင်ခန့်ဖြင့် ဇွန်လ ၁၀ ရက် ည ၁၁ နာရီအချိန်တွင် ကျောင်းတိုက်ကို ၀င်ရောက်စီးနင်း၍ သံဃာတော်များအား ဖယ်ရှားပြီး ကျောင်းတိုက်ကို ချိတ်ပိတ်လိုက်သည်။

တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ အငြင်းပွားဖွယ်ဖြစ်နေသည့် ပီနန်ဆရာတော်ကြီးကျောင်းထိုင်သော မဟာသန္တိသုခကျောင်းတိုက်အား ချိတ်ပိတ်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ ကျောင်းကို ဖယ်ရှားချိတ်ပိတ်ချိန်တွင် ပီနန်ဆရာတော်ကြီးသည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

ပီနန်ဆရာတော်ကြီး ဂျပန်သို့ သာသနာပြန့်ပွားရေးအတွက် ခရီးထွက်နေစဉ် ၀င်ရောက်ချိတ်ပိတ် ခဲ့ခြင်းဖြစ်ပြီး သီတင်းသုံးနေသော ဆရာတော် ကိုးပါးနှင့် ကပ္ပိယ လေးဦးတို့ကို ကမ္ဘာအေးဘုရားဝင်းသို့ ပင့်ဆောင်ခေါ်ယူသွားကြောင်း မျက်မြင်တွေ့ရှိသူ ဆရာတော်ဦးပဏ္ဍ၀ံသက မိန့်ကြားသည်။

‘‘ညနေ ၃ နာရီလောက်က ရုပ်ရှင်ငှားတဲ့ သူတို့ဘက်က သူတွေကိုလာခေါ်သွားပြီး ည ၈ နာရီမှာ ရဲကား ခြောက်စီးနဲ့ ၀င်လာတယ်။ ပြီးတော့ ချိတ်ပိတ်မယ်ဆိုပြီး ပီနန်ဆရာတော်ကြီးရဲ့ တပည့်တော်ကို ရှာတယ်။ မနက် ၁ နာရီလောက်မှာ လူတွေကလည်း တအားများလာတော့ နှစ်နာရီလောက်မှာ အပြီးခေါ်သွားကြတယ်’’ ဟု ဆရာတော်ဦးပဏ္ဍ၀ံသက မိန့်ကြားသည်။

သံဃာတော်များအား ဖယ်ရှားသော တာဝန်ရှိသူများသည် ကျောင်းတိုက်ကို ဖယ်ရှားပြီး ကျောင်းအတွင်းရှိ ပစ္စည်းများကို သယ်ဆောင်သွားကာ ကျောင်းတိုက်အတွင်းရှိနေသော သံဃာတော် ၁၅ ပါးဝန်းကျင်အား ကမ္ဘာအေးဘုရားဝင်းရှိ ကျောင်းတိုက်အတွင်းသို့ ည ၁ နာရီခွဲအချိန်တွင် ခေါ်ဆောင်သွားခဲ့သည်။

ဖယ်ရှားရာတွင် ပါဝင်သော တာဝန်ရှိသူများထံ မီဒီယာများက မေးမြန်းရာ ဖြေဆိုခြင်း မရှိသလို၊ ကျောင်းတိုက်အတွင်းသို့ မီဒီယာများ ၀င်ရောက်ခွင့် မပေးခဲ့ပေ။ ကျောင်းတိုက်ကို ဖယ်ရှားသောကြောင့် ပီနန်ဆရာတော်ကြီး၏ ဒါယကာ၊ ဒါယိကာမများ ကျောင်းတိုက်ရှေ့သို့ လာရောက်၍ အော်ဟစ်ဆူညီမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းသံဃနာယက ဆရာတော်များနှင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ယနေ့ နေ့လယ် ၁ နာရီတွင် ကမ္ဘာအေးကုန်းမြေရှိ ကျောင်းတိုက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည် ဖြစ်သည်။

7 Day Daily

No comments:

Post a Comment