Monday, June 30, 2014

မြို့ပတ်ရထားကို အဓိပတိ ခရီးသည်တင်ယာဉ် ဝင်တိုက်

 မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဂန္ဓမာလမ်းရှိ မီးရထားသံလမ်းတွင် ဇွန်လ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်က မြို့ပတ်မီးရထားကို အဓိပတိယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် တစ်စီးက ဝင်တိုက်ခဲ့ကြောင်း အဓိပတိ ပါရမီယာဉ်လိုင်းမှ ဌာနခွဲမှူး ဦးဇေယျာလွင်က The Voice သို့ ပြောကြားသည်။

တောင်ဥက္ကလာပမြို့နယ် ပါရမီဂိတ်မှ ခရီးသည်များ တင်ဆောင် မောင်းနှင်လာသော အဓိပတိ (အနီ) ခရီးသည်တင်ယာဉ်မှာ ကမ္ဘာအေးဘုရား မှတ်တိုင်တွင် ဘရိတ်ပေါက်ခဲ့ကြောင်း၊ ယာဉ်ကိုဂိတ်သို့ ပြန်လှည့် မောင်းနှင်လာရာ ဂန္ဓမာလမ်းရှိ မီးရထားသံလမ်းတွင် မြို့ပတ်ရထား ခုတ်မောင်းလာသဖြင့် ဂိတ်တံခါးကို ပိတ်ထားစဉ် လမ်းပြောင်းပြန် ဖြတ်ကျော်ရာမှ မီးရထားနှင့် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“လမ်းက ကုန်းအဆင်းကြီး ကားကဘရိတ် ပေါက်နေတော့ ရထားသံလမ်း ဂိတ်တံခါးရှေ့မှာ ပိတ်မိနေတဲ့ ကားတွေကို တိုက်မိမှာကြောင့် လမ်းပြောင်းပြန်နဲ့ သံလမ်းကို ဖြတ်မောင်းတာ။ ဂိတ်တံခါးက လမ်းတစ်ဘက်ကို တစ်ခြမ်းစီ ပိတ်ထားတာကြောင့် ဖြတ်မောင်းလို့ ရပေမယ့် မီးရထားက လာနေတော့ ကားနောက်ပိုင်းနဲ့ ရထားစက်ခေါင်း ပွတ်တိုက်မိတာ” ဟု အဓိပတိ (အနီ) ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

မြို့ပတ်မီးရထား စက်ခေါင်းအမှတ် DD-938 ရထားနှင့် တိုက်မိခဲ့သော အဓိပတိ (အနီ) ခရီးသည်တင်ယာဉ် နောက်ပိုင်းမှာ ပိန်ချိုင့်ခဲ့သော်လည်း ယာဉ်ပေါ်ပါ ခရီးသည်များမှာ ထိခိုက်ဒဏ်ရာ မရှိခဲ့ကြောင်း၊ အဆိုပါ တိုက်မိမှုကြောင့် အဓိပတိယာဉ်မောင်း အသက် ၂၂ နှစ် အရွယ်ရှိ ကိုမျိုးမင်းထွန်းကို (ပ) ၂၂၇/ ၁၄၊ မီးရထားအက် ဥပဒေ ပုဒ်မ ၁၂၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မရမ်းကုန်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ခရီးသည်များ တင်ဆောင် မောင်းနှင်ချိန်တွင် ယာဉ်စက်ချို့ယွင်းမှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ယာဉ်ကို ရပ်တန့်ပြီး ဂိတ်ရှိ စက်ပြင်အဖွဲ့သို့ ဆက်သွယ် အကူအညီတောင်းရမည် ဖြစ်သော်လည်း မီးရထားနှင့် တိုက်မိခဲ့သော အဓိပတိ (အနီ) ခရီးသည်တင် ယာဉ်မောင်းမှာ ဂိတ်သို့ မဆက်သွယ်ဘဲ မိမိသဘောနှင့် ဘရိတ်ပေါက်နေသော ယာဉ်ကို မောင်းနှင်ခဲ့သောကြောင့် ယာဉ်လိုင်းမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ အတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း အဓိပတိပါရမီ ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ဇွန်လ ၁ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က အင်းစိန်မြို့နယ်ရှိ ရန်ကုန် မြို့ပတ်ရထားလမ်း မိုင်တိုင်အမှတ် ၁၅/ ၂ တွင် မြို့ပတ်ရထား လာစဉ် ဂိတ်ပိတ်ထားသည်ကို အသက် ၄၂ နှစ်အရွယ် အမျိုးသားက မော်တော်ဆိုင်ကယ်ဖြင့် မြို့ပတ်ရထားရှေ့မှ ဖြတ်ကျော် မောင်းနှင်ခဲ့ကြောင်း၊ အလားတူ ဇွန်လ ၃ ရက်နေ့ ညနေပိုင်းက တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် ရန်ကုန်-ပခုက္ကူ ရထားလမ်း မိုင်တိုင် အမှတ် ၄၀/ ၂၄ နှင့် ၄၁/ ၁ အကြား လူသွားလမ်းကူး၌ ရန်ကုန်-ပခုက္ကူ အမြန်ရထား၏ အရှေ့ဘန်ဘာနှင့် အသက် ၃၀ အရွယ် အမျိုးသား မောင်းနှင်လာသော ဆိုင်ကယ်နှင့် ဝင်တိုက်ရာမှ ဆိုင်ကယ်မောင်းသူနှင့် ဆိုင်ကယ်နောက် စီးနင်းလာသူ အသက် ၁၉ နှစ်အရွယ် လူငယ်တို့ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဇွန်လ ၈ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိပ်ကုန်း ရပ်ကွက်၊ ရွှေဥမင် ဘုန်းကြီးကျောင်းရှေ့ရှိ ရထားသံလမ်းတွင် ရထားလာစဉ် သံလမ်းဖြတ်မောင်းသော အငှားယာဉ်တစ်စီးနှင့် မြို့ပတ်ရထား တိုက်မိခဲ့သော်လည်း ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment