Monday, June 2, 2014

ဒီမိုကရေစီ အစစ်အမှန် မလိုချင်သူများက တပ်မတော်နှင့် သဘောကွဲလွဲအောင် လုပ်ဆောင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဒီမိုကရေစီ အစစ်အမှန် မလိုချင်သူများက တပ်မတော်နှင့် သဘောကွဲလွဲမှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်နေကြောင်း ဇွန် ၁ ရက်က လယ်ဝေးမြို့၌ ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ကျွန်မတို့က တပ်မတော်ကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ တပ်မတော်ဆိုတာ ပြည်သူနဲ့နိုင်ငံကို ကာကွယ်ဖို့ပါ။ ကာကွယ်စောင့်ရှောက်တယ် ဆိုရာမှာလည်း ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော လုံခြုံဖို့အတွက်ပါ။ တပ်မတော် တည်ထောင်စဉ် ကတည်းက ပြည်သူသာအမိ၊ ပြည်သူသာ အဖဆိုပြီး ခေါ်ခဲ့ တာပါ။ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ဖို့အတွက် မယူသင့်တဲ့ နေရာမယူဖို့ တိုက်တွန်းနေတာပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်းရေး မပြောင်းရေးဆိုတာ ပြည်သူတွေ ရွေးချယ်ထားတဲ့ ကိုယ်စားတွေက ဆုံးဖြတ်ပိုင်ခွင့် ရှိရမယ်။ ပြည်သူတွေ အနေနဲ့လည်း နိုင်ငံရေးကို စိတ်ဝင်စားမှု မြင့်နေရမယ်။ ဒါမှ နိုင်ငံရဲ့ ကံကြမ္မာက တိုးတက်လာမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က စစ်မှန်သည့် ဒီမိုကရေစီ ရရှိရန်နှင့် ပြည်သူများ လုံခြုံရန်အတွက် ဖွဲ့စည်းပုံကို ပြင်ဆင်ရန်လိုအပ်ကြောင်း၊ ယခုပြင်ဆင်နိုင်ရန် ကြိုးစားနေသည့် ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံတွင် အဓိကကျသည့် အချက်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်လိုပါက လွှတ်တော်အတွင်းကသာ စတင်ရမည်ဖြစ်ကြောင်း၊ ပြည်သူတွေက ရွေးချယ်ထားသည့် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရှိကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ၂၅ ရာခိုင်နှုန်းကို ရွေးချယ်ခန့်အပ်နိုင်ကြောင်း၊ ဖွဲ့စည်းပုံပြင်ရန်အတွက် ၇၅ ရာခိုင်နှုန်းက ထောက်ခံမှသာ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အတွက် ပြည်သူ့ကိုယ်စားလှယ်များ အနေဖြင့် လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ရှိရမည်ဖြစ်ကြောင်း ပြောကြား သည်။
“အခုဆိုရင် တကယ့် ဒီမိုကရေစီအစစ်ကို မလိုချင်သူတွေက ပြည်တွင်းငြိမ်းချမ်းရေးက အဓိက၊ ဖွဲ့စည်းပုံပြင်ဆင်ရေးက နောက်မှလို့ မပြင်ချင်လို့ ပြောနေကြတယ်။ ပြင်ဆင်ရေး လုပ်ချင်တယ်ဆိုရင် ချက်ချင်းပြီးတယ်။ မလုပ်ချင်ရင်တော့ ဆင်ခြေတွေ အများကြီး ထွက်လာမှာပဲ။ ကျွန်မတို့က ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ဖို့ ဥပဒေဘောင်အတွင်းက လုပ်နေတာပါ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန့်ကျင်နေတဲ့သူတွေက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို မလိုလားသူတွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပျဉ်းမနားမြို့နယ် ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အချို့တွေက ရှေ့ စကားနှင့် နောက်စကား ညီညွတ်မှု မရှိကြောင်း၊ နောက်ကြောင်းပြန်လှည့်ရန် မရှိကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဖြောင့်ဖြောင့်တန်းတန်း ရောက်နေပြီဖြစ်ကြောင်း၊ ယင်းသို့ ပြောနေသူ များသည် ဖွဲ့စည်းပုံပြင်ဆင်ရာတွင် ပြဿနာဖြစ်မည်ကို စိုးရိမ်နေကြကြောင်း ၊ နောက်ကြောင်းပြန် လှည့်ရန် မရှိဆိုပါက သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့ ရှေ့ဆက်သွားသင့်ကြောင်း ပြောကြားသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင် ၀န်ထမ်းများအနေဖြင့် အလုပ်ချိန်မဟုတ်ပါက လွတ်လပ်စွာ လက်မှတ်ထိုးနိုင်ကြောင်း၊ ခြိမ်းခြောက်မှုများ ရှိပါက အကြောင်းကြားသင့်ကြောင်း၊ ခြိမ်းခြောက်တားမြစ်မှုများသည် ဥပဒေကို ဆန့်ကျင်နေကြောင်း၊ လက်မှတ်ထိုးသည့် ကိစ္စတွင် ပြည်သူများ အနေဖြင့် လုပ်သင့်သည်ကို လုပ်သင့်ကြောင်း၊ ဖွဲ့စည်းပုံကို ပြောင်းချင်သလိုနှင့် ပြောင်း၍မရအောင် မည်သူလုပ်ဆောင်သည်ကို ကွက်ကွက်ကွင်းကွင်း သိလာမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

Eleven Media Group
(ဇွန် ၁ ရက်က လယ်ဝေးမြို့၌ ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်း စုကြည် ဟောပြောနေစဉ်)

No comments:

Post a Comment