Tuesday, June 3, 2014

ပုတီးကုန်းအထက်တန်းကျောင်း၌ ဝရန်တာအောက်ရက်မ ကျိုးကျခဲ့သဖြင့် ကျောင်းသား ကျောင်းသူ ၁၇ ဦး ဒဏ်ရာရ ခါးရိုးဆစ်ကျိုးသွားသည့် ကျောင်းသူတစ်ဦးအပါအဝင် အတွင်းလူနာ ၇ ဦး၊ ပြင်ပလူနာ ၁၀ ဦး ဆေးဝါးကုသမှုခံယူလျက်ရှိ


ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် ပုတီးကုန်းမြို့ အခြေခံပညာအထက် တန်းကျောင်း၌ ၀ရန်တာအောက်ရက်မ ကျိုးကျသဖြင့် ကျောင်းသား ကျောင်းသူ ၁၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် အဆိုပါကျောင်းရှိ ၁၉၅၈ ခုနှစ်က ဆောက်လုပ်ခဲ့သော အလျားပေ ၂၈၀၊ အနံ ၂၉ ပေရှိ E Shape ပုံစံ အုတ်ညှပ်နှစ်ထပ်ဆောင်၏ အဋ္ဌမတန်း(ဒီ) အခန်းရှေ့ စင်္ကြံလျှောက်လမ်း ၀ရန်တာ အောက်ရက်မ ကျိုးကျခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် အဋ္ဌမတန်း ကျောင်းသား ကျောင်းသူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး မသဲပုံချစ် (၁၃ နှစ်)မှာ ခါးရိုးဆစ် သုံးဆစ်ကျိုးသွားသဖြင့် ရန်ကုန်မြို့ အထွေထွေရောဂါကု ဆေးရုံ ကြီး၌ တက်ရောက်ကုသမှုခံယူ လျက်ရှိကြောင်း ၊ ကျောင်းသားကျောင်းသူ ခြောက်ဦးအား ပုတီးကုန်း ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် လည်းကောင်း၊ ကျန် ၁၀ ဦးအား ပြင်ပလူနာအဖြစ် လည်းကောင်း ဆေးဝါးကုသပေးလျက် ရှိကြောင်း သိရသည်။

မသဲပုံချစ်အပါအဝင် ဒဏ်ရာရ ကျောင်းသား ကျောင်းသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ အမှတ်(၁) အခြေခံပညာဦးစီးဌာနမှ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးနှင့်အဖွဲ့ တို့က ယနေ့တွင် သွားရောက်တွေ့ဆုံ၍ လိုအပ်သည့်လူမှုရေး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောင်းဆောင်ပြုပြင်ရန်အတွက် အရေးပေါ်နှင့်ကျပ်သိန်း ၅၀ အောက် အသေးစားပြုပြင်မှုများကို အမှတ်(၁) အခြေခံပညာဦးစီးဌာန (ရုံးချုပ်)သို့ ခွင့်ပြုချက်တောင်းခံရန်မလိုဘဲ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေး ညွှန်ကြားရေးရုံးများ အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၁၀၀၀ ကို ကျောင်းသားဦးရေအချိုးအရ ပညာ ရေးဝန်ကြီးဌာနက တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေး ညွှန်ကြားရေးရုံးများသို့ ခွဲဝေပေးထားပြီးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

Credit to MOI

No comments:

Post a Comment