Friday, June 6, 2014

ကျပ် ၂၀၀၀ နှင့် ၂၅ ရာခိုင်နှုန်း

မြန်မာလူငယ်တစ်ဦး 

ဒုတိယသမ္မတတစ်ဦးကတစ်နေ့ဝင်ငွေ ကျပ် ၂,၀၀၀ ရှိလျှင် ရပ်တည်၍ရကြောင်း၊ ကျပ် ၂၀၀၀ ထက်ပိုလျှင် ပိုမိုအဆင်ပြေနိုင်ကြောင်းအခမ်းအနားတစ်ခုတွင် ပြောသည်ဟုသတင်းမီဒီယာများတွင် ဖော်ပြသည်။ နိုင်ငံ တော်သမ္မတအပါအ၀င် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ၎င်းတို့ရရှိသော လစာငွေ၏ ၂၅ ရာခိုင်နှုန်းကို ဆင်း ရဲမှု လျှော့ချရေးလုပ်ငန်းစဉ်များအတွက် လှူဒါန်းရန်စီစဉ်ထားသည်ဟုလည်းသတင်းမီဒီယာများတွင်ဖော်ပြ သည်။ ကျပ်၂,၀၀၀၊၂၅ ရာ ခိုင်နှုန်းစသည့်ကိစ်္စများနှင့်ပတ်သက်၍ဝေဖန်ပြောဆိုမှုတွေလည်းရှိလာသည်။ လစာ ငွေ ၂၅ ရာခိုင်နှုန်းလှူဒါန်းခြင်းမှာစတန့်ထွင်၍ လှူဒါန်းခြင်းမဟုတ်ဟုလည်းဝန်ကြီး တစ်ဦးက ဆိုသည်။ 

ကျပ် ၂,၀၀၀ 

ကျပ်၂,၀၀၀ ကိစ္စကြောင့် ဒုတိယသမ္မတကို ဝေဖန်ပြောဆိုသူတွေ ရှိသည်။ ယင်းတို့ထဲမှ အများစုမှာ မြို့နေ လူတန်း စားများဖြစ်သည်။ စင်စစ်လူတစ်ဦး တစ်ရက် ကျပ် ၂,၀၀၀ ၀င်ငွေရရှိလျှင် ထိုငွေဖြင့် ရပ်တည်နိုင် သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် မြို့ပေါ်မှာတော့မဟုတ်။ ကျေးလက်ဒေသများ မှာသာ ဖြစ်သည်။ကျေးလက်ဒေသနေပြည်သူအများစုမှာ တစ်ရက်လျှင် ကျပ် ၁,၅၀၀၊ ၂,၀၀၀ မျှရသောဝင်ငွေဖြင့် ပင်ပန်း ဆင်းရဲကြီးစွာ ရှင်သန်ရပ်တည်နေကြရဆဲဖြစ်သည်။ ကျေးလက်ဒေသများတွင် တစ်ရက်ကျပ် ၂,၀၀၀ ဟူသောဝင်ငွေက စားစရိတ်ကိုကာမိစေနိုင်သည်။ သို့သော် ယင်းကျပ်ငွေ ၂,၀၀၀ က ၀တ်ရေး၊ နေရေးနှင့် ကျန်းမာရေးတို့အတွက်မူ မည်သို့မျှအထောက်အကူ ပြုနိုင်သောငွေကြေး မဟုတ်ပေ။ 

ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင် တစ် ရက်ကျပ် ၂,၀၀၀ (တစ်လကျပ်ခြောက် သောင်း)နှုန်းဖြင့် အလုပ်လုပ် ကိုင်နေကြသောစက်ရုံအလုပ်သမားအများအပြားရှိသည်။ ရန်ကုန်မြို့ပေါ်ရှိ စတိုးဆိုင်များ၊ လုပ်ငန်းငယ် များတွင် တစ်ရက်ကျပ်၂,၀၀၀ (တစ်လကျပ်ခြောက်သောင်း)နှုန်းဖြင့် ၀င်ရောက်လုပ်ကိုင်နေကြသည့် လူငယ်များလည်းရှိသည်။ တစ်ရက် ကျပ် ၂,၀၀၀ သာဝင်ငွေရှိသော လူငယ်လူရွယ် အများစုမှာ နေလောင် ပန်းပွင့်များကဲ့သို့ အစဉ်အမြဲ ညှိုးနွမ်းနေလေ့ရှိသည်။ 

တစ်ရက် ကျပ် ၂,၀၀၀ သာဝင်ငွေရှိ သူများမှာ ဘတ်စ်ကားခ သို့မဟုတ် မြို့ပတ်ရထားခပေးချေရန် ခပ်နွမ်း နွမ်း ငွေစက္ကူ တို့ကိုကျစ်ကျစ်ပါအောင်ဆုပ်၍ နေ့စဉ်လုပ်ငန်းခွင်သို့ဝင်ကြရသည်။ ဆန်ကြမ်းကြမ်းဖြင့် ချက် ထားသော ထမင်းနီနီများ နှင့် ဆီမစိုသောဟင်းတစ်ခွက်က သူတို့ကိုအသက်ဆက်ပေးသော အာဟာရ ဖြစ်၏။ သူတို့မှာအပျော်အပါးမရှိ။ လက်ဖက်ရည်ဖိုးမရှိ။ ဂျာနယ်တွေ၊ သတင်း စာတွေဝယ်ဖတ်ဖို့ အင်အား မရှိ။ ယုတ်စွအဆုံး ကျန်းမာရေးမကောင်းခဲ့လျှင်တောင် ကုသစရာဆေးဖိုးဝါးခမရှိ။ ဤသည်မှာ တစ်ရက် ကျပ် ၂,၀၀၀ (တစ်လ ကျပ် ခြောက်သောင်း)သာ ၀င်ငွေ ရှိသောလူငယ် များရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ များဖြစ်သည်။ 

ဒု-သမ္မတသည် မည်သည့်ကိန်း ဂဏန်း၊ မည်သည့် အချက်အလက်များကို ကြည့်၍ တစ်ရက် ကျပ် ၂,၀၀၀ ရလျှင်ရှင် သန်ရပ်တည်နိုင်သည်ဟု ပြောဆိုသည် မသိ။ တစ်ရက် ကျပ် ၂,၀၀၀ ဟူသောဝင် ငွေသည် လူ တစ်ဦးတစ်ယောက်ကို မသေရုံတမယ် ရှင်သန်စေနိုင်သော ငွေကြေးသာဖြစ်၏။ သည်အချက်ကို ဒု-သမ္မတ တစ်ယောက်က ကောင်းမွန်စွာသိရှိနားလည် နိုင်စွမ်းရှိခဲ့လျှင် တစ်ရက်ကျပ် ၂,၀၀၀ ဖြင့် ရှင်သန်ရပ်တည် နိင်သည်ဟူသော မှတ်ချက်စကားမျိုးထွက်ပေါ်လာမည် မဟုတ် ဟုယူဆမိသည်။ သို့သော် ဒု-သမ္မတပြော သောစကားထဲတွင် ကျပ် ၂,၀၀၀ ထက်ပို ရလျှင် ပိုပြီးအဆင်ပြေနိုင်သည်ဟူသော စကားလည်းပါသည်။ 

သို့သော် မြန်မာပြည်မှာတစ်ရက် ကျပ် ၂,၀၀၀ ထက်ပိုမိုရရှိနိုင်သောအလုပ်အကိုင် အခွင့်အလမ်းများက ရှားပါးနေဆဲ ဖြစ်သည်။ တစ်ရက် လျှင် ကျပ် ၂,၀၀၀ ထက် ပိုမိုရရှိနိုင်သော အလုပ်အကိုင်အခွင့်အလမ်း များပိုမို ဖန်တီးပေးနိုင်ဖို့ အစိုးရမှာတာဝန်ရှိ သည်။ အထူးသဖြင့် သမ္မတနှင့် ဒု-သမ္မတများတွင် ပို၍တာ ၀န်ရှိသည်ဟု ထင်မြင်ယူဆမိသည်။ 

လစာငွေ၏ ၂၅ ရာခိုင်နှုန်း 

နိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများက ၎င်းတို့၏လစာများထဲမှ ၂၅ ရာခိုင်နှုန်းကို ဆင်းရဲမှုတိုက်ဖျက်ရေးအတွက် လှူဒါန်းမည်ဆိုခြင်းမှာ ယေဘုယျအားဖြင့် လှိုက်လှဲစွာ ကြိုဆို ထောက်ခံရမည့် ကိစ်္စရပ် တစ်ခုဖြစ်သည်။ အစိုးရအဖွဲ့မှဝန်ကြီး တစ်ဦးကမူ သမ္မတနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ လစာငွေ ၂၅ ရာခိုင်နှုန်း လှူဒါန်းခြင်းမှာ အလှူဒါနပြုလေ့ရှိသည့် မြန်မာတို့၏ မွန်မြတ်သော အစဉ်အလာကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း၊ စတန့်ထွင် ခြင်းမဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် သည်ဖောင်ဒေးရှင်းများထောင်၍ ပြည် သူလူထုကိုကူညီလှူဒါန်းလျက်ရှိ ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ၏ လှူဒါန်းမှုများ ကိုကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စတန့်ထွင်သည်ဟုပြော၍မရကြောင်း၊ ထို့အတူ မိမိတို့ အစိုးရအဖွဲ့၏လှူဒါန်းမှုကိုလည်းစတန့်ထွင်သည်ဟုပြောဆို၍ မရနိုင်ပါကြောင်း ပြည်ပမီဒီယာ တစ်ခု နှင့် တွေ့ဆုံခန်းတွင် ပြောဆိုဖြေကြားခဲ့ဖူးပါသည်။ သို့သော် သမ္မတနှင့် အစိုးရအဖွဲ့ဝင်များထံတွင် ပြည်သူ လူထုဆင်းရဲတွင်းက ရုန်းထွက်နိုင်အောင်စွမ်းဆောင်ပေးနိုင်သည့် လုပ်ပိုင်ခွင့်အာဏာရှိပြီး ဒေါ်အောင် ဆန်း စုကြည်တွင် ထိုသို့သောအာဏာမျိုးမရှိဆို ခြင်းကိုမူအထက်ပါ ၀န်ကြီးကထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။ 

သမ္မတနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ သည် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးလုပ်ငန်းကို အမှန် တကယ် အောင်မြင်အောင်ဆောင်ရွက်လိုပါလျှင် လစာငွေ ၂၅ ရာခိုင်နှုန်း လှူဒါန်းခြင်းထက် ဆင်းရဲနွမ်းပါးမှုတိုက် ဖျက်ရေးလုပ်ငန်းစဉ်များကို ယခုထက်အလေး ထားဆောင်ရွက်ဖို့လို အပ်မည်ဖြစ် ပါသည်။ 

အစိုးရအဖွဲ့သည် ယခင်က အဘယ် ကြောင့် မိမိတို့၏လစာငွေများကို လှူဒါန်းခြင်းမပြုပါနည်း၊ အစိုးရ သက်တမ်းကုန်ခါနီးမှ အဘယ်ကြောင့်လစာငွေ လှူဒါန်းခြင်းကိစ္စကို ဆောင်ရွက်ရပါသနည်း၊ စသည်ဖြင့် မေးခွန်းပေါင်းများစွာပေါ်ထွက် လာနိုင်သည်ဆိုခြင်းကိုလည်း သတိပြုမိဖို့ လိုပါသည်။ 

အမှန်တကယ် စွန့်လွှတ်ရမည့် ၂၅ ရာခိုင်နှုန်း 

အမေရိကန် သမ္မတဘားရက်အိုဘားမားက အကြောင်းပြချက်အမျိုးမျိုးဖြင့် မြန်မာနိုင်ငံအပေါ်ချ မှတ်ထား သော စီးပွားရေး ပိတ်ဆို့မှု သက်တမ်းကိုတစ်နှစ်တိုးမြှင့်ခဲ့ပါသည်။ ယင်းအကြောင်းပြချက်များ ထဲတွင် တပ်မတော်က မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသည်ဟူသော အကြောင်းပြချက်လည်း တစ်ခု အပါအ၀င်ဖြစ်သည်။ အတိုက်အခံအင်အားစုအချို့ကလည်း တပ်မတော်သားကိုယ်စားလှယ်များ လွှတ် တော်ထဲပါဝင်ခြင်းမရှိဖို့ တောင်းဆိုသည်။ မြန်မာပြည်သူအများစုကလည်း လွှတ်တော် ထဲတွင် ရွေးကောက် ခံ မဟုတ်သော တပ်မတော်သားကိုယ်စားလှယ်၂၅ ရာခိုင် နှုန်း ပါဝင်နေခြင်းကို နှစ် သက်ခြင်းမရှိကြပေ။ လွှတ်တော်ထဲတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းကြောင့် မြန်မာပြည် ဖွံ့ဖြိုးမှုနှေးကွေးရ သည်ဟု ထင်မြင်ယူဆကြသူတွေလည်း ရှိသည်။ 

သို့ဖြစ်၍ နိုင်ငံတော်သမ်္မတနှင့် အစိုး ရအဖွဲ့ဝင်များအနေဖြင့် မိမိတို့လစာငွေ၏ ၂၅ ရာခိုင်နှုန်းကို လှူဒါန်း ခြင်းထက်၊ လွှတ် တော်ထဲရှိ ရွေးကောက်ခံမဟုတ်သောတပ် မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကို ပြည်သူ့အကျိုးအတွက်စွန့်လွှတ်လှူ ဒါန်းနိုင်ရေးကိုသာ အလေးထားဆောင်ရွက် သင့်ပါကြောင်း ရေးသား တင်ပြလိုက် ရပါသည်။

Mizzima

No comments:

Post a Comment