Tuesday, June 3, 2014

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ပုသိမ်ပြန်ကြားရေး တာဝန်ခံ ဖမ်းဆီးခံရ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဗီဒီယို ရိုက်ကူးရေးလုပ်ငန်း လုပ်ကိုင်နေသည့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ သတင်းပြန်ကြားရေး တာဝန်ခံ ဦးမြင့်ကိုတွင် ဗီဒီယိုလုပ်ငန်း လိုင်စင် မရှိသည့်အတွက် မေလ ၃၀ ရက်နေ့က ဖမ်းဆီးခံရကြောင်း ပုသိမ်မြို့မ ရဲစခန်းထံမှ သိရသည်။

ဦးမြင့်ကိုတွင် လုပ်ငန်းလိုင်စင် ရှိခဲ့သော်လည်း သက်တမ်းပြည့်သည်မှာ ၁၇ လကျော် ရှိပြီ ဖြစ်ကြောင်း၊ ယင်းသို့ သက်တမ်းပြည့်ပြီး တစ်နှစ်ကျော်လျှင် လုပ်ငန်းလိုင်စင် ပျက်ပြယ်သည်ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းက သတ်မှတ်ထားခြင်းကြောင့် တိုင်းဦးစီးမှူး၏ ညွှန်ကြားချက်ဖြင့် ဖမ်းဆီးရခြင်း ဖြစ်သည်ဟု တိုင်းဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လှက ပြောဆိုသည်။

ပုသိမ်မြို့ပေါ်တွင် နိုင်ငံရေးလုပ်ခြင်း၊ အလှူ၊ မင်္ဂလာဆောင်များတွင် မှတ်တမ်းတင် ရိုက်ကူးကြသည့် လုပ်ငန်းရှင်များအနက် အများဆုံး ရိုက်ကူးရခြင်းကြောင့် စီးပွားရေးလုပ်ငန်း ပျက်စီးအောင် ရိုက်ချိုးလိုက်ခြင်း၊ နေအိမ်တွင် မရှိစဉ် ဖမ်းဆီးခြင်းမှာ အငြိုးအာဃာတကြောင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့၍ မေးမြန်းခဲ့သော်လည်း တိုင်းဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လှက ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

ယင်းသို့ ဖမ်းဆီးရာတွင် မှတ်တမ်းတင် ရိုက်ကူးရေး လုပ်ငန်းသုံး ပစ္စည်းများ အပြင် နေအိမ်အတွင်းရှိ ကွန်ပျူတာများကိုပါ သိမ်းဆည်းခဲ့ကြောင်း အဖမ်းခံရသည့် ဦးမြင့်ကိုက ပြောကြားသည်။

“ဖမ်းဆီးရေးအဖွဲ့တွေ လာတဲ့အချိန်မှာ ကျွန်တော်က အိမ်မှာ မရှိဘူး၊ ဖုန်းဆက်ပြီးခေါ်လို့ သွားတော့မှ လုပ်ငန်းလိုင်စင် မရှိလို့ဆိုပြီး ကျွန်တော့်ကို ဖမ်းတာ” ဟု ၎င်းက ပြောဆိုသည်။

ဦးမြင့်ကို၏ နေအိမ်တွင် လုပ်ငန်းလိုင်စင် မရှိဘဲ ဗီဒီယိုလုပ်ငန်း လုပ်ကိုင်လျက် ရှိသည်ဟု တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့၏ တိုင်ကြားချက်ကြောင့် ဖမ်းဆီးရခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ (ပ) ၁၀၁/ ၂၀၁၄၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုအက်ဥပဒေ ပုဒ်မ- ၃၂ (က) ဖြင့် အမှုဖွင့်ထားကြောင်း ပုသိမ်မြို့မ ရဲစခန်းမှူးက ပြောကြားသည်။

ဧရာဝတီတိုင်း၊ ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ကော်မတီတွင် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးက ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့၏ အောက်တွင် ဗီဒီယိုအခြေခံအဖွဲ့၊ ဖမ်းဆီးရေး အဖွဲ့များ ဖွဲ့စည်းထားရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးတွင် ဗီဒီယိုလုပ်ငန်း လိုင်စင် မရှိသဖြင့် တစ်ဦးတည်းသော ဖမ်းဆီးခံရသူမှာ ဦးမြင့်ကို ဖြစ်နေကြောင်း၊ ယခင်တပ်မတော် အစိုးရ လက်ထက်ကလည်း ရုပ်မြင်သံကြားနှင့် ဗီဒီယို အက်ဥပဒေဖြင့် နိုင်ငံရေးဆောင်ရွက်သူများကို ထောင်ဒဏ် နှစ်ရှည်များ ချမှတ်ခဲ့သည့် အကြောင်းအရာများ ရှိခဲ့သဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဗီဒီယိုလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။


The Voice Weekly

No comments:

Post a Comment