Tuesday, June 3, 2014

တရုတ်ချေးငွေ အတိုးနှုန်းမြင့်မား၍ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းသေချာမှု မရှိဟုဆို

ကျောက်ဖြူ-ကူမင်း မီးရထားလမ်းစီမံကိန်းတွင် ပါဝင်သော ၅၃၉ ဒသမ ၁၉ မိုင်ရှည်လျားသည့် ကျောက်ဖြူ- မူဆယ် ရထားလမ်းကို တရုတ်နိုင်ငံ၏ ချေးငွေဖြင့် ဆောင်ရွက်ရန် စီစဉ်ထားသော်လည်း တရုတ်နိုင်ငံ၏ ချေးငွေများမှာ အတိုးနှုန်း မြင့်မားလျက်ရှိခြင်းကြောင့် ယင်းရထားလမ်းဖောက်လုပ်ရေးကိစ္စမှာ သေချာမှု မရှိသေးကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ဇွန်လ၂ ရက်တွင် မဇ်္ဈိမကို ပြောသည်။ 


အဆိုပါ လမ်းပိုင်းဖောက်လုပ်ရန်အတွက် ငွေကျပ် ရှစ်ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ယင်းကုန် ကျငွေကို တရုတ်အစိုးရက ထုတ်ချေးပေးမည်ဖြစ်ဟု အထက်ပါ အရာရှိကဆိုသော်လည်း ချေးငွေနှင့် ပတ် သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

“ဒီလမ်းပိုင်း ဆောက်လုပ်ဖို့က ဘာမှ မဆောင်ရွက်ရသေးဘူး။ ဖြစ်မြောက်နိုင်ခြေ ရှိ မရှိကို လေ့လာနေ တုန်းပဲ ရှိသေးတယ်။ ဒီလမ်းပိုင်းနဲ့ပတ်သက်ပြီး ညှိနှိုင်းလို့ မရသေးတဲ့ဟာတွေ ရှိသေးတယ်။ အခု တရုတ် အစိုးရက ထုတ်ချေးပေးမယ့်ငွေက အတိုးနှုန်းများလို့ ညှိနှိုင်းနေတုန်းပဲ” ဟု ၎င်းအရာရှိက ပြောသည်။ 

အဆိုပါ ရထားလမ်း ဖောက်လုပ်မည်ဆိုပါက ရထားလမ်းနှင့် ပတ်သက်သည့်အချက်အလက်များကို ရထား လမ်းစီမံကိန်းတစ်လျှောက်ရှိ ပြည်သူများသိရှိအောင် ချပြဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံများလက် ခံမှသာ ရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ရထားလမ်း ဖောက် လုပ်ဖြစ်ခဲ့ပါက မြေယာလျော်ကြေးနှင့် ပတ်သက်သည့် အရှုပ်အရှင်းများ မဖြစ်ပေါ်စေရန် အတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အထက်ပါအရာရှိက ပြောသည်။ 

“လမ်းဖောက်တဲ့အခါကျမှ ပြဿနာ ဖြစ်ရင် အဆင်မပြေဘူး။ လမ်းဖောက်နေတုန်း ကန့်ကွက်တယ်ဆိုရင် နာမည်ပျက်တာပဲ အဖတ်တင်မယ်။ ဒါကြောင့်အားလုံး ပြေလည်ပြီဆိုမှ ရထားလမ်းကို ဖောက်မှာပါ” ဟု အထက်ပါ အရာရှိကပြောသည်။ 

ကျောက်ဖြူ-ကူမင်း ရထားလမ်းကို ဖောက်လုပ်မည်ဆိုပါက သဘာဝပတ်ဝန်းကျင်နှင့် တခြားလိုအပ်သည့် အရာများကို စနစ်တကျ တွက်ချက်ရန် လိုအပ်ကြောင်း နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံစလုံး၏ ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုနိုင်မည်ဆိုပါက အဆိုပါရထားလမ်းဖောက်လုပ်ခြင်းကို မူအားဖြင့် ထောက်ခံကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က ပြောသည်။  

“ ကျွန်တော်တို့ဒေသက နှစ်ပေါင်း ခြောက်ဆယ်ကျော်ကြာ ဆင်းရဲမွဲတေသွားအောင် ပိတ်လှောင်ထားခြင်း ခံရတဲ့ ဒေသတစ်ခုဖြစ်တယ်။ ဒီရထားလမ်းပိုင်းက ဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းပေးနိုင်မယ်။ စီးပွားရေးလုပ်ငန်း တွေကို လွတ်လပ်စွာလုပ်ကိုင်ဖို့ အထောက်အကူဖြစ်မယ်ဆိုရင်တော့ ဒေသအတွက် အများကြီးအထောက် အကူ ဖြစ်မှာပါ ” ဟု ၎င်းက ပြောသည်။ 

ကျောက်ဖြူ-ကူမဲ မီးရထားလမ်းပိုင်းကို ဖောက်လုပ်ရန်အတွက် တရုတ်ကုမ္ပဏီတစ်ခု ဖြစ်သည့် china railway engineering corporation (CREC) နှင့် မြန်မာအစိုးရတို့ ၂၀၁၁ခုနှစ်တွင်းနားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြောင်းနှင့် အဆိုပါရထားလမ်း စီမံကိန်းကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် စတင် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်ဟု ထိုစဉ်က မြန်မာ့ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် သည်နေရှင်း သတင်းတွင် ၂၀၁၁ုခနှစ် သြဂုတ်လ ၂၉ ရက်တွင် ရေးသားဖော်ပြခဲ့ဖူးသည်။ 

“ရထားလမ်းစီမံကိန်းတစ်ခုလုံးကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ငါးနှစ်လောက် ကြာပါလိမ့်မယ်။ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ လောက် ကုန်ကျမှာပါ။ ကုန်ကျစရိတ်ကို တရုတ်ဘက် က အကုန်အကျခံမှာ ဖြစ်ပါတယ်။ ဒီရထားလမ်းစီမံကိန်းကို နှစ်၅၀ BOT စနစ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်” ဟု ၀န်ကြီး ဦးအောင်မင်းက ပြောခဲ့သည်ဟု သည်နေရှင်းသတင်းတွင် ရေးသားခဲ့သည်။

Mizzima

No comments:

Post a Comment