Thursday, June 12, 2014

PR စနစ်အဆို အမျိုးသားလွှတ်တော် အတည်ပြု

လာမည့် ရွေးကောက်ပွဲများ၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကျင့်သုံးရန် အဆိုကို တပ်မတော်သားများနှင့် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အပါအဝင် တိုင်းရင်းသားပါတီများ ကန့်ကွက်ကြသော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ များသဖြင့် အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည်။
အဆိုပါစနစ်နှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ်၊ တိုင်းရင်းသား ကိုယ်စားလှယ်နှင့် NLD ကိုယ်စားလှယ် စုစုပေါင်း ၁၇ ဦး ကန့်ကွက်ပြီး ကြံ့ခိုင်ရေးပါတီဝင် ရှစ်ဦးက ထောက်ခံ ဆွေးနွေး ခဲ့သော်လည်း ဇွန် ၁၁ ရက်တွင် မဲခွဲဆုံးဖြတ်ရာ ကြံ့ခိုင်ရေးပါတီဝင် အားလုံး ထောက်ခံမှုဖြင့် အဆို အတည်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအဆိုကို တက်ရောက်လာသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှ ထောက်ခံသူ ၁၁၇ ဦး၊ ကန့်ကွက်သူ ၈၅ ဦး ရှိသောကြောင့် အတည်ပြုကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေညာ ခဲ့သည်။
ထို့အပြင် PR စနစ် ကျင့်သုံးရေးအတွက် လွှတ်တော်အတွင်း ဆွေးနွေးခဲ့သည့် ကိုယ်စားလှယ်များ၏ အကြံပြု တင်ပြချက်များကို အစီရင်ခံစာ ရေးဆွဲရန် ကိုယ်စားလှယ် ၁၅ ဦး ပါဝင်သော ကော်မရှင်တစ်ရပ် ဖွဲ့စည်းမည် ဖြစ်ကြောင်း၊ အဆိုပါ ကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြပြီး ယင်းကော်မရှင်က အဆိုပါ စနစ်ကို ကျင့်သုံးရန် ရေးဆွဲရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
PR စနစ်ကို ဒေါက်တာအေးမောင်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက ကန့်ကွက်ကြောင်း ယခုလဆန်းက နေပြည်တော်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
PR စနစ် ကျင့်သုံးခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံ စနစ်နှင့် သင့်လျော်မည် ဖြစ်သောကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေနှင့် ထောက်ခံခြင်း ဖြစ်ကြောင်း ယင်းပါတီ ဗဟိုကော်မတီဝင် ဖြစ်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ပြောကြားသည်။
PR စနစ်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက် တင်မြှောက်ရာတွင် အသုံးပြုနိုင်ရေး အတွက်လည်း ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းမည် ဆိုသော်လည်း ယနေ့အထိ အဆိုတင်သွင်းခြင်း မရှိသေးပေ။

The Voice Weekly

No comments:

Post a Comment