Saturday, July 12, 2014

မြန်မာ့ရေပိုင်နက်ထဲသို့ ၀င်ရောက်လာသည့် ထိုင်းငါးဖမ်းသင်္ဘောနှစ်စင်းကို တပ်မတော်ရေက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ ဖော်ပြ

မြန်မာ့တပ်မတော်ရေ ကင်းလှည့်ရေယာဉ်တစ်စင်းသည် ဇူလိုင် ၁၁ ရက်တွင် မြန်မာ့ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ထိုင်းငါးဖမ်းသင်္ဘော နှစ်စင်းအနက် တစ်စင်းအား ပစ်ခတ်နှစ်မြှုပ်ခဲ့ပြီး အခြားငါးဖမ်းသင်္ဘော တစ်စင်းကိုအနီးရှိ မြန်မာပိုင်ကျွန်းသို့ ဆွဲယူသွားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါငါးဖမ်းသင်္ဘော နှစ်စင်းစလုံးတွင်
လိုက်ပါလာသူ သင်္ဘောသားများမှာ အထိအခိုက် မရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ ရနောင်းခရိုင်မှ အနောက်ဘက် ရေမိုင် ၁၀ မိုင်ကွာဝေးသော နေရာတွင်ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်သည်ဟု တတိယရေကြောင်း နယ်နိမိတ်တပ်မှူး ဒုတိယရေတပ် ဗိုလ်ချုပ်ကြီး သရသွန်းကဂျစ်ဆုဝမ်က ပြောဆိုခဲ့သည်။ ၎င်းက ပြောဆိုရာ၌ မြန်မာ့တပ်မတော် ရေကင်းလှည့်ရေယာဉ် အမှတ် ၅၆၆ သည် မြန်မာ့ရေပိုင်နက်ထဲသို့ ရေမိုင် ၁ ဒဿမ ၅ မိုင် ကျူးကျော်ဝင်ရောက်လာသော ငါးဖမ်းသင်္ဘောနှစ်စင်းကို လိုက်လံဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

အဆိုပါ ငါးဖမ်းသင်္ဘောနှစ်စင်းအနက် ပို၍ကြီးမားသော ငါးဖမ်းသင်္ဘောမှာ ပစ်ခတ်နှစ်မြှုပ်ခြင်းခံခဲ့ရပြီး အခြားတစ်စင်းအား အနီးအနားရှိ မြန်မာပိုင်ကျွန်းသို့ ဆွဲယူသွားခဲ့ကြောင်း သိရသည်။

ထိုင်းငါးဖမ်းသင်္ဘောနှစ်စင်းမှ သင်္ဘောသား ၂၀ ဦးမှာ ရေထဲသို့ ခုန်ဆင်းပြေးခဲ့ကြပြီး မြန်မာ့ရေတပ် ကလည်း အဆိုပါသင်္ဘောသားများအား ဖမ်းဆီးခဲ့ခြင်း မရှိခဲ့ပေ။ အဆိုပါ သင်္ဘောသား များအား နောက်ပိုင်းတွင် အခြားငါးဖမ်းသင်္ဘောတစ်စင်းနှင့် ထိုင်းရေတပ်ကင်းလှည့် ရေယာဉ်တို့က ကယ်ဆယ်သွားခဲ့ကြသည်ဟု သိရသည်။

ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး သရသွန်းက ပြောကြားရာ၌ ပင်လယ်ပြင်တွင် လေပြင်းထန်ပြီး လှိုင်းကြီးနေသည့် အတွက်ကြောင့် မြန်မာကင်းလှည့်ရေယာဉ်များ အနေဖြင့် ဆိပ်ကမ်း၌ပင်ရှိနေမည်ဟု ငါးဖမ်းသမားများက ထင်မှတ်ခဲ့ပုံရပြီး ထို့အတွက်ကြောင့် မြန်မာ့ရေပိုင်နက်ထဲတွင် ငါးဖမ်းရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟုဆိုသည်။ ထိုင်းနိုင်ငံတတိယ ရေကြောင်းနယ်နိမိတ် တပ်မှူးထံမှ ထိုကဲ့သို့ မပြုလုပ်ရန် သတိပေးခဲ့သော်လည်း အဆိုပါ ငါးဖမ်းသင်္ဘောများက ဆက်သွားခဲ့ကြသည်ဟု သိရသည်။

ယခုအခါ အာဏာပိုင်များသည် နှစ်မြှုပ်ခံခဲ့ရသော သင်္ဘောကို ပြန်လည်ဆယ်ယူနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသော်လည်း အဆွဲခံခဲ့ရသည့် အခြားသင်္ဘောတစ်စင်းကိုမူ ပိုင်ရှင်ထံပြန်လည် လွှဲပြောင်းပေးနိုင်ရန် မမျှော်လင့်ထားကြောင်းကို ဘန်ကောက်ပို့စ်က ရေးသားဖော်ပြ ခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာဘက်ကမူ တရားဝင်ထုတ်ပြန်မှုများ မရှိသေးပေ။

Eleven

No comments:

Post a Comment