Monday, July 28, 2014

အောင်မင်္ဂလာ အဝေးပြေးဝင်း၌ လူသတ်မှုဖြစ်

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများသို့ အဓိက သွားရောက်ရာ အဝေးပြေး ယာဉ်ရပ်နားစခန်း တစ်ခုဖြစ်သော မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းရှိ လူမနေသော နှစ်ထပ် အဆောက်အအုံဟောင်း တစ်ခုတွင် ဇူလိုင်လ ၂၇ ရက် မွန်းလွဲပိုင်းက အသက် ၃၀ ဝန်းကျင်ခန့်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း အဆိုပါ အဝေးပြေးဝင်းတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ယာဉ်ရပ်နားစခန်းရှိ ဒဂုံလမ်းမကြီးဘေး နှစ်ထပ် အဆောက်အအုံဟောင်း အပေါ်ထပ်တွင် အမျိုးသမီးမှာ ဦးခေါင်းဖူးရောင် ဒဏ်ရာများဖြင့် သွေးအိုင်ထဲတွင် ပက်လက်လန် သေဆုံးနေသည်ကို ယင်းဝင်းအတွင်း ဈေးရောင်းသူ အမျိုးသားက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေးဝင်း အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“ဒီအဆောက်အအုံမှာ လူမနေတာ ရှစ်လလောက် ရှိပြီ။ ညဘက်ဝင်းထဲက အိမ်ခြေမဲ့တွေ တက်အိပ်နေကျ။ အသတ်ခံရသူ အမျိုးသမီးက ဒီဝင်းထဲမှာ တစ်ခါမှ မမြင်ဖူးဘူး။ သူ့လည်ပင်းမှာ ချုပ်ရိုး မဖြေရသေးတဲ့ ဒဏ်ရာဟောင်း တစ်ခု တွေ့တယ်။ ရဲတပ်ဖွဲ့က ကနဦး စစ်ဆေးချက်အရ လူသတ်ခံရတာလို့ ပြောပြီး သံသယ ရှိသူတွေကို ခေါ်စစ်နေတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းအသတ်ခံရသူ အမျိုးသမီး၏ ရုပ်အလောင်းကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် လတ်တလော စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်က ရှင်းပြသည်။

“သေဆုံးသူမှာ ဒဏ်ရာသိသိသာသာ မတွေ့ရဘူး။ သူ့ဘေးနားမှာ အတွင်းခံ ဘောင်းဘီတစ်ထည် တွေ့တယ်။ သေဆုံးသူက အင်္ကျီအစိမ်း၊ ထမီ ဝတ်ထားပြီး အဆောက်အအုံက မိုးမလုံလို့ ရေစို ပုဆိုးတစ်ထည် ခြုံထားပြီး ပက်လက် သေဆုံးနေတာ တွေ့ခဲ့တယ်။ ဒီအဆောက်အအုံက အရင် လက်ဖက်ရည်ဆိုင်ဟောင်း နေရာ။ လူမနေတော့ အခန်းတံခါးတွေ ပျက်စီးပြီး အခြေအနေမဲ့တွေ ညဘက် ဝင်ခိုနေကျ” ဟု ယင်းဝင်းအတွင်းရှိ ရဲကင်းတဲမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment