Thursday, July 24, 2014

ကန့်ဘလူတွင် ထောင်ချခံရသူ၅၀ ကျော်အတွက် ပြည်ထောင်စုတရားလွှတ်တော်အထိ အယူခံဝင်မည်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် တပ်မ ၃၃ က သိမ်းယူထားသော လယ်မြေများ ပြန်လည် ရရှိရေးအတွက် ထွန်တုံး တိုက်ပွဲဆင်နွှဲခဲ့ကြသော လယ်သမားများနှင့် လယ်သမားအရေး အကူအညီပေးနေသော အရပ်ဘက်အဖွဲ့ အစည်း တာဝန်ရှိသူများကို ကန့်ဘလူမြို့နယ် တရားရုံးက ထောင်ဒဏ်များချမှတ်ခဲ့ခြင်းအပေါ် ပြည်ထောင်စုတရားလွှတ်တော်အထိ
အယူခံဝင်မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးနိုင်နိုင်ထွန်းက မဇ္ဈိမကို ဇူလိုင် လ ၂၃ ရက်တွင် ပြောသည်။

“မနက်ဖြန် ရွှေဘိုခရိုင်တရားရုံးမှာ စပြီး အမှုတွဲတွေ ပို့ရတော့မယ်။ ခရိုင်အဆင့်၊ တိုင်းအဆင့် ပြစ်မှုပြစ်ဒဏ်တွေ လွတ်ငြိမ်းဖို့နဲ့ သက်သာဖို့ အယူခံဝင်ပေး သွားမယ်။ နောက်ဆုံးမရဘူးဆိုရင် ပြည်ထောင်စုအဆင့် တရားလွှတ်တော်အထိ တင်ပြနိုင်အောင် လုပ်ပေးသွားမယ်”ဟု ၎င်းက ဆိုသည်။

ကန့်ဘလူမြို့တွင် ဇွန်လအတွင်း တပ်သိမ်းမြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒဖ်ာထုတ်ခဲ့ကြသော လယ်သမားများ ၄၀၀ ကျော်အနက် လယ်သမား ၅၀ ဦး နှင့်အတူ တောင်သူလယ်သမားအရေး အကူအညီပေးသူခြောက်ဦးကို ကန့်ဘ လူ မြို့နယ်တရားရုံးတွင် ဇူလိုင်လအတွင်း အကျိုးဖျက်ဆီးမှုပုဒ်မ ၄၂၇ နှင့် ပိုင်နက် ကျူးလွန်မှုပုဒ်မ ၄၇၇ ဖြင့် ထောင်ဒဏ် နှစ်လမှ သုံးနှစ်အထိ အသီးသီးချမှတ်ခဲ့သည်ဟု တောင်သူလယ်သမား၊ အလုပ်သမားအရေး လိုက်ပါကူညီဆောင်ရွက် သူ များအဖွဲ့ဝင် ဦးမျိုးဝင်းကပြောသည်။

“လယ်သမားတွေကို မတရားထောင်ချတာဖြစ်လို့ တရားရုံးမထုတ်ခင်အချိန်အတွင်းမှာ စုပေါင်းပြီး ကန့်ဘလူမြို့မှာ ဆန္ဒ ထပ်ပြမယ်။ ရက်တော့ အတိအကျမသတ် မှတ်ရသေးဘူး” ဟု ၎င်းက ဆိုသည်။

မြေမွန်ကျေးရွာရှိ လယ်မြေဧက ၅၀၀ ကျော်ကို စစ်တပ်က ၁၉၉၁ ခုနှစ်တွင် သိမ်းယူခဲ့ပြီးနောက် တပ်မ ၃၃ က မြေဧက ၃၁၅ ဧက ၊ ခမရ တပ် ၁၆ နှင့် ခမရတပ် ၁၃ တို့ထံသို့ ဧက ၁၀၀ ခန့်ခွဲဝေပေးခဲ့သည်။ အဆိုပါမြေများကို ပြန်လည်ရရှိ ရေးအတွက် တောင်းဆိုဆန္ဒပြကြရာမှ ယခုကဲ့သို့ လယ်သမားများ တရားစွဲဆိုခံရခြင်း၊ ထောင်ချခံရခြင်းတို့ ဖြစ်သည်။

Mizzima

No comments:

Post a Comment