Friday, July 18, 2014

မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပြစ်မှုကျူးလွန် သူများကို ဖော်ထုတ်အရေးယူနေပြီး လက်ရှိအချိန်အထိ လူသတ်မှုဖြင့် မသင်္ကာသူ ခြောက်ဦးအပါအ၀င် ၄၂ ဦးအား ဖမ်းဆီးထား

မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပြစ်မှုကျူးလွန် သူများကို ဖော်ထုတ်အရေးယူနေပြီး လက်ရှိအချိန်အထိ လူသတ်မှုဖြင့် မသင်္ကာသူခြောက်ဦးအပါအဝင် ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူ ၄၂ ဦးအား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးအရေးယူထားကြောင်း ဇူလိုင် ၁၇ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ည ၉ နာရီသတင်း၌ ဖော်ပြခဲ့သည်။

ဇူလိုင် ၁ ရက်ညပိုင်းတွင် ဘာသာခြားနှစ်ဦးက အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်ခဲ့သည်ဟု ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖော်ပြခဲ့ပြီးနောက် မန္တလေးမြို့တွင် တည်ငြိမ်မှုပျက်ပြားခဲ့ပြီး ဇူလိုင် ၁ရက်၊ ၂ ရက်နှင့် ၄ ရက်များတွင် လူသတ်မှုများ၊ ဆူပူအကြမ်းဖက်မှုများနှင့် မီးရှို့မှုများဖြစ်ပေါ်ခဲ့ပြီး ကိုထွန်းထွန်း နှင့် ကိုစိုးမင်းထွေးတို့ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖမ်းဆီးရာတွင် ဇူလိုင် ၁၆ ရက်အထိ လူသတ်မှုဖြင့် မသင်္ကာသူခြောက်ဦး၊ မီးရှို့ဖျက်ဆီးမှုဖြင့် မသင်္ကာသူ ၁၂ ဦး၊ နာကျင်စေမှုဖြင့် မသင်္ကာသူရှစ်ဦး၊ ဆူပူလှုံ့ဆော်မှုဖြင့် မသင်္ကာသူ ၁၁ ဦး၊ ရဲအက်ဥပဒေအရ တရားခံသုံးဦး၊ လက်နက်မှုဖြင့် တရားခံနှစ်ဦးတို့အား ဖမ်းဆီးအရေးယူထားပြီး ဥပဒေနှင့်အညီ ဖော်ထုတ်စစ်ဆေးနေကြောင်းနှင့် ကျန်တရားခံများအား အမြန်ဆုံးဖမ်းဆီးမိရန် စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

မန္တလေးမြို့ပဋိပက္ခတွင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖြစ်ပွားစေရန် ရည်ရွယ်လှုံ့ဆော်မှုများရှိခဲ့ သည်ဟု ပြည်သူများက ယူဆနေပြီး လက်ရှိအချိန်တွင် မန္တလေးမြို့တွင်း ခြောက်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့အား ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် မန္တလေးမြို့၌ တည်ငြိမ်မှုများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း ဇူလိုင် ၁ ရက်၊ ၂ ရက်၊ ၄ ရက်နောက်ပိုင်းရက်များဖြစ်သည့် ဇူလိုင် ၅ ရက်ညတွင် ချမ်းမြသာစည်မြို့နယ်အတွင်း လူတစ်ဦးအား လူအုပ်စုတစ်စုမှ ဓားဖြင့် လိုက်ခုတ်ခံရသည့် ဖြစ်စဉ်နှင့် ဇူလိုင် ၇ ရက်တွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အေးရိပ်ငြိမ်ဘာသာပေါင်းစုံ သုသာန်အတွင်းရှိ မြန်မာသုသာန်တွင် ဆူပူအကြမ်းဖက်မှုပြုလုပ် မည်ဟု ကောလာဟလများထွက်ပေါ်ပြီးနောက် သုသာန်အား ခေတ္တ ပိတ်ထားခဲ့ရပြီး နောက်ပိုင်းရက်များတွင် မန္တလေးမြို့ အခြေအနေမှာ ပြန်လည်တည်ငြိမ်ခဲ့ကြောင်း သိရသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မန္တလေးမြို့တွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ များအား စစ်ဆေးဖမ်းဆီးမှုများပြုလုပ်သကဲ့သို့ ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က မန္တလေးနန်းတွင်းတပ်ရှိ သံချပ်ကာကားများအား အများမြင်ကွင်းသို့ထွက်၍ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပြီး လုပ်လေ့လုပ်ထရှိသည့် လေ့ကျင့်မှုမဟုတ်သဖြင့် ဆူပူမှုများဆက်လက် မဖြစ်ပွားစေရန် စစ်အင်အားပြသည်ဟု ယူဆမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

Eleven

No comments:

Post a Comment