Thursday, July 24, 2014

ကင်မ်ဂျုံအန်းကို ရယ်စရာ ဖန်တီးထားသည့် ဗီဒီယိုကို အင်တာနက်ပေါ်မှ ဖယ်ရှားရန် မြောက်ကိုရီးယား ကြိုးစားနေ

မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းကို ရုပ်ပြောင်တစ်ခုသဖွယ် ထည့်သွင်းဖန်တီးထားသည့် ဗီဒီယို တစ်ခု အင်တာနက်တွင် ပျံ့နှံ့နေသည်ကို ပိတ်ပင်ဖယ်ရှားနိုင်ရန် မြောက်ကိုရီးယား အာဏာပိုင်များက ကြိုးပမ်းနေကြောင်း သိရှိရသည်။

တောင်ကိုရီးယား သတင်းစာ Chosunilboက မြောက်ကိုရီးယားသည် ဗီဒီယိုကို ဖယ်ရှားနိုင်ရေးအတွက် နည်းပညာပိုင်း အကူအညီပေးရန် တရုတ်နိုင်ငံကို ချဉ်းကပ် အကူအညီ တောင်းခံ ထားကြောင်း ဖော်ပြ
ခဲ့သည်။ ရုပ်ပြောင်များ ထည့်သွင်းပြီး ဖန်တီးရိုက်ကူးထားသည့် ဗီဒီယိုတွင် မြောက် ကိုရီးယား ခေါင်းဆောင်ကြီး ကင်မ်သည် တရုတ်ခေတ်ပေါ် သီချင်းတစ်ပုဒ်ဖြင့် ကခုန်နေဟန် ဖြတ်ညှပ်ကပ် ဖန်တီးထားသည်။

ထို့အပြင် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက ကင်မ်၏ တင်ပါးကို ကန်ကျောက်နေပုံများလည်း ပါရှိခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း အစရှိသည့် ကမ္ဘာ့ခေါင်းဆောင်များ၏ ရယ်ရွှင်ဖွယ် ပုံရိပ်များလည်း ပါဝင်ခဲ့သည်။

မြောက်ကိုရီးယားက အဆိုပါ ဗီဒီယိုသည် ကင်မ်၏ ဂုဏ်သိက္ခာနှင့် ဩဇာအာဏာတို့ကို အကြီးအကျယ် ညစ်နွမ်းစေသည်ဟု ယူဆထားကြောင်း Chosunilbo သတင်းစာတွင် ရေးသား ထားသည်။ မြောက်ကိုရီးယားက ဗီဒီယိုကို အင်တာနက်ပေါ်မှ ဖယ်ရှားရေးအတွက် တရုတ်ထံ အကူအညီ တောင်းခံခဲ့သော်လည်း တရုတ်ပညာရှင်များ ကိုယ်တိုင်လည်း ယင်းကိစ္စကို မတတ်နိုင်ဟုလည်း သတင်းစာက ဆိုသည်။

မြောက်ကိုရီးယားသည် မကြာသေးမီက ဆက်သ်ရိုဂျန်နှင့် ဂျိမ်းစ်ဖရန်ကိုတို့ ပါဝင်သရုပ်ဆောင်ထားပြီး ကင်မ်ကို လုပ်ကြံရန် ကြိုးစားပုံ စိတ်ကူးဖန်တီးထားသည့် အမေရိကန် အက်ရှင်ဟာသဇာတ်ကား The Interviewနှင့် ပတ်သက်၍လည်း အိမ်ဖြူတော်သို့ ကန့်ကွက်စာ ပေးပို့ထားသည်။ ထို့အပြင် ရုပ်ရှင်ကို ဝေဖန်ကြောင်း ကုလသမဂ္ဂထံ သီးခြားစာတစ်စောင် ပေးပို့ခဲ့ပြီး ကင်မ်ကို စော်ကားခြင်းသည် မိမိတို့၏ အမြင်တွင် စစ်ကြေညာသည့် သဘောမျိုး ဖြစ်နေကြောင်း ခြိမ်းခြောက်ထားသည်။

_Ref: WFSB
7 Day Daily
ကင်မ်ဂျုံအန်း၏ ရယ်ရွှင်ဖွယ် ပုံရိပ်များ ပါဝင်နေသည့် ဗီဒီယို https://www.youtube.com/watch?v=JUgEmezpS_E

No comments:

Post a Comment