Tuesday, July 8, 2014

မိုင်းပျဉ်း NLD ဒုဥက္ကဋ္ဌ အသတ်ခံရမှု အမှုမှန်မပေါ်သေး၍ ဆန္ဒထုတ်ဖော်မည်

တောင်ကြီး၊ မဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာ NLD ဒုဥက္ကဋ္ဌ အသတ်ခံရမှု တစ်လကျော် ကြာမြင့်လာပြီဖြစ်သော်လည်း တရားခံ ဖော်ထုတ်နိုင်ခြင်းမရှိ သဖြင့် တောင်ကြီးမြို့တွင် ဇူလိုင်လ ဒုတိယပတ်အတွင်း ဆန္ဒဖော်ထုတ် သွားမည်ဟု တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဇူလိုင် ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။


"ဒီဒေသမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေ၊ ပါတီဝင်တွေအနေနဲ့ တရားခံကို မမိသေးသ၍ အသက်အန္တရာယ် မလုံခြုံဘူး၊ ခြိမ်းခြောက်ခံနေရတယ်၊ ဒါကို အမှုမှန် ပေါ်ပေါက်စေဖို့ အတွက် ဆန္ဒဖော်ထုတ်ဖို့ စီစဉ်ရခြင်းဖြစ်တယ်" ဟု တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုး က ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲ မပြုလုပ်မီ ဇူလိုင် ၉ ရက်တွင် ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် သွားရောက်တွေ့ဆုံကာ အမှု အခြေအနေအား မေးမြန်းဆွေးနွေးသွားမည် ဖြစ်ပြီး ဆန္ဒဖော်ထုတ်ခွင့်ပါ တစ်ခါထည်း တင်သွားမည်ဖြစ်သည် ဟု ဦးတင်မောင်တိုးက ဆိုသည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကို ဦးတည်ပြီး ဇူလိုင်လ ဒုတိယအပတ်အတွင်း ဆန္ဒဖော် ထုတ်မည် ဖြစ်သည်။

မိုင်းပျဉ်းကျေးရွာ အင်န်အယ်ဒီ အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ ဦးစိုင်းစံထွန်းသည် ဇွန်လ ၄ ရက် ည ၉နာရီအချိန်ခန့်က အမည်မသိ လူနှစ်ဦးက နေအိမ်မှ လာရောက် ခေါ်ဆောင်သွားပြီး နေအိမ်နှင့် မလှမ်းမကမ်းနေရာတွင် သေနတ်ဖြင့် သုံးချက် ပစ်သတ်ခြင်းခံခဲ့ရသည်ဟု ဟိုပုံးမြို့နယ်၊ မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက မဇ္ဈိမကို ပြောသည်။

"ရဲလုပ်ငန်း အရ စုံစမ်းစစ်ဆေးနေပါတယ်၊ တရားခံ အစစ် အမှန်ကို မဖော်ထုတ်နိုင်သေးခင် အမှုမှန်မပေါ်ပေါက်ခင် ဘာတွေလုပ်နေတယ်ဆိုတာ ပြောလို့မရသေးပါဘူး" ဟု ဟိုပုံးမြို့နယ်၊ မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် မိုင်းပျဉ်းကျေးရွာသည် ဟိုပုံးမြို့နှင့် မိုင် (၃၀) ကျော်အကွာ၊ ခလရ ၂၄၉ တပ်ဧရိယာနှင့် သုံးမိုင်ခန့်အကွာ၊ PNO ပအိုဝ်းဌာနေ ပြည်သူ့စစ်နှင့် ခုနစ်မိုင်ခန့်အကွာတွင် တည်ရှိသည်ဟု တောင်ကြီးခရိုင်NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားမှု ဖြစ်စဉ်နှင့် ပတ်သတ်ပြီး ဟိုပုံးမြို့၊ မြို့မရဲစခန်းတွင် (ပ)၃၇/၁၄ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။

ပုံစာ- သေဆုံးသူ၏ မိသားစုဝင်များအား အခင်းဖြစ်ပွားပြီး နောက်တစ်နေ့ နံနက်၌ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး မောင်မောင်ဝင်းက သွားရောက် စစ်ဆေး မေးမြန်းနေပုံ။ (ဓာတ်ပုံ- မဇ္ဈိမ)

Mizzima

No comments:

Post a Comment