Wednesday, August 6, 2014

ရေလွှမ်းမိုးခံရနိုင်သော ဒေသများ တိုးလာ

သံလွင်မြစ် အပါအ၀င် မြစ်ငါးစင်း ရေကြီးမည်ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ ဆက်လက် အားကောင်းနေသောကြောင့် ဒေသအချို့တွင် ရေလွှမ်းမိုးမှုအန္တရာယ်မြင့်မားနေဆဲဖြစ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ ‘‘နိုင်ငံတကာက ခန့်မှန်းချက်တွေအရလည်း မြန်မာနိုင်ငံမှာ ရေကြီးနိုင်တဲ့ ဒေသတွေ ရှိနေသေးတယ်။ မိုးကလည်း ကောင်းနေတုန်းပဲ။ရေဖုံးလွှမ်းနိုင်တဲ့ နေရာတွေကတော့ တိုးလာနေတယ်’’ဟု ဒေါက်တာထွန်းလွင်က ပြောကြားသည်။ အမေရိကန်နိုင်ငံ အမျိုးသား အာကာသအေဂျင်စီ(NASA) က မြန်မာနိုင်ငံတွင် ရေဖုံးလွှမ်းနိုင်သောဒေသများအဖြစ် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်အပါအ၀င် မြစ်ဝကျွန်းပေါ်ဒေသမှ ပုသိမ်၊ဟင်္သာတ၊မအူပင်၊ပဲခူး၊သာယာဝတီမြို့ နှင့် မွန်ပြည်နယ် သထုံနှင့်ရေးမြို့နယ်၊ ရခိုင်ပြည်နယ် စစ်တွေနှင့်ကျောက်ဖြူမြို့တို့ကို သတိပေးထားကြောင်း ၄င်းက ဆိုသည်။
မိုး/ဇလဌာနက ပဲခူးမြို့ ရွှေကျင်၊ မဒေါက်၊ ငါးသိုင်းချောင်းနှင့် ဘားအံမြို့တို့တွင် မြစ်ကြီးများ စိုးရိမ်ရေမှတ်အနီးသို့ မြင့်တက်လာကြောင်း သတိပေးထားသည်။
သံလွင်မြစ်၊ ပဲခူးမြစ်၊ စစ်တောင်းမြစ်၊ င၀န်မြစ်နှင့် ရွှေကျင်မြစ်တို့မှာ မြစ်ရေကြီးနိုင်ပြီး၊ လှည်းကူး၊ ငါးသိုင်းချောင်း၊ လှိုင်းဘွဲနှင့် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့တွင် ရေဘေးအန္တရာယ်ရင်ဆိုင်နေရသည်။ ရခိုင်ကမ်းရိုးတန်းတွင်လည်း လေပြင်းကျရောက်ပြီး သြဂုတ်လ ၂ ရက်က ရမ်းဗြဲကျွန်းအနီး ပင်လယ်ပြင်၌ ငါးဖမ်းစက်လှေတစ်စီး နစ်မြုပ်ခဲ့ကာ ရေလုပ်သား ၁၉ ဦးပျောက်ဆုံးနေဆဲဖြစ်သည်။
7daydaily

No comments:

Post a Comment