Tuesday, August 12, 2014

ပြည်ထောင်စုအစိုးရ ခွင့်ပြုငွေနှင့် မွန်ပြည်နယ်အစိုးရ အသုံးစရိတ် ကျပ်သန်းတစ်ထောင် စာရင်းကွာ

ပြည်ထောင်စုအစိုးရက မွန်ပြည်နယ်အစိုးရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးအတွင်း အသုံးပြုရန် ထောက်ပံ့ပေးထားသော ရသုံးမှန်းခြေ ငွေစာရင်းသည် ကျပ်သန်း တစ်ထောင်နီးပါး ကွာဟနေကြောင်း မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
မွန်ပြည်နယ် အစိုးရအတွက် ပြည်ထောင်စုအစိုးရက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်းပေါင်း ၃၅၅၀၃ ဒသမ ၁၈၄ ထောက်ပံ့ ထားသော်လည်း မွန်ပြည်နယ် ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေပါ ဇယား (၃) ဖော်ပြချက်တွင် ပြည်ထောင်စုအစိုးရမှ ရရှိသည့် ထောက်ပံ့ငွေသည် ကျပ်သန်းပေါင်း ၃၄၅၀၃ ဒသမ ၁၈၄ ဟု ဖော်ပြထားကြောင်း မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။
အဆိုပါ ငွေစာရင်း ကွာဟမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန်အတွက် မွန်ပြည်နယ်လွှတ်တော် အဆို၊ မေးခွန်း၊ ဥပဒေများ အကောင်အထည်ဖော်မှု လေ့လာသုံးသပ်ရေး ကော်မတီအား တာဝန်ပေးထားကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေက ဆိုသည်။
ပြည်ထောင်စုအစိုးရက ဖော်ပြထားသည့် ငွေစာရင်းနှင့် မွန်ပြည်နယ်အစိုးရ ဖော်ပြထားသည့် ငွေစာရင်းနှစ်ခု လွဲမှားနေသဖြင့် မွန်ပြည်နယ်အစိုးရ အနေနှင့် တိတိကျကျ ပြန်လည်ဖြေရှင်းပေးရန် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် ပြည်နယ်အစိုးရထံ စာပို့သွားမည် ဖြစ်ကြောင်း မွ န်ပြည်နယ်လွှတ်တော် အဆို၊ မေးခွန်း၊ ဥပဒေများ အကောင်အထည်ဖော်မှု လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောဆိုသည်။

ယင်းကိစ္စကို ပြည်နယ်အစိုးရ ဖြေရှင်းပေးနိုင်ခြင်း မရှိပါက ပြည်ထောင်စု ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ ဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ သဝဏ်လွှာ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
“တကယ်လည်း ကွာဟနေတယ်။ စာရင်းစစ်ချုပ်ကိုရော၊ ရသုံးက ဝန်ထမ်းတွေရော၊ ဥပဒေချုပ်ကိုပါ ဖိတ်ပြီး နှစ်ရက် တိုင်ပင်ဆွေးနွေးခဲ့တယ်။ သူတို့ဘက်ကလည်း ပြန်ပြီးတော့ ဖြေရှင်းပေးသလောက်ကတော့ ကျွန်တော်တို့ လိုအပ်တဲ့ အဖြေမှန်ကတော့ မရောက်သေးဘူးပေါ့” ဟု ၎င်းက ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များသည် ဒေသဆိုင်ရာ အသုံးစရိတ် လုံလောက်မှု မရှိသဖြင့် ပြည်ထောင်စုအစိုးရထံမှ ထောက်ပံ့ငွေ ရယူပြီး ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ ဥပဒေရေးဆွဲကာ အသုံးပြုရမည် ဖြစ်သည်။
The Voice Weekly

No comments:

Post a Comment