Thursday, August 21, 2014

မကြာသေးမီက မြန်မာ့အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံတွင် အရပ်သားစစ်စစ် ဂျိုကိုဝီဒိုဒိုကို ပြည်သူများက

သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်ကြသည်။ ကိုယ်တိုင်ဝင်ပြိုင်လျှင် သေချာပေါက်ရှုံးနိုင်ကြောင်း သိထားသည့် ယခင် သမ္မတဟောင်း မီဂါဝတီသည် ပြိုင်ဘက်စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို သမ္မတဖြစ်မသွားစေရန် လူထုထောက်ခံမှုရရှိထားသော ဂျိုကိုဝီဒိုဒိုကို ပါတီသမ္မတလောင်းအဖြစ် ရဲရဲဝံ့ဝံ့စင်တင်ခဲ့သည်။မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြယုဂ်အဖြစ် တစ်ကမ္ဘာလုံး၏ ထောက်ခံမှုရရှိထားသူ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် ပါတီကိုဦးဆောင်မည့် ဒုတိယခေါင်းဆောင် မည်သူဖြစ်လာမည်လဲဆိုသည်ကို ပြည်တွင်းနိုင်ငံရေးလေ့လာသူများရော၊ တစ်ကမ္ဘာလုံးကပါ စိတ်ဝင်တစားစောင့်ကြည့်နေသည်။၂၀၁၅ အလွန် နိုင်ငံရေးအခင်းအကျင်းတွင် ဒီချုပ်မှ သမ္မတလောင်း ရွေးခွင့်ရခဲ့သော် ထိုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ကန့်သတ်ခံထားရသည့် ပုဒ်မ ၅၉(စ)ကို မပြင်ရသေးလျှင် ဒီချုပ်က မည်သူ့ကို သမ္မတလောင်းစာရင်း တင်မလဲဆိုသည်ကို နိုင်ငံရေးအင်အားစု အသိုင်းအ၀ိုင်းက မေးခွန်းထုတ်စ ပြုလာသည်။
အထူးသဖြင့် ငါးနှစ်တစ်ကြိမ် ကျင်းပရပြီး သမ္မတလောင်း အသစ်တစ်ဖန် ရွေးချယ်ပေးရမည့် အထွေထွေရွေးကောက်ပွဲပြုလုပ်ရန် တစ်နှစ်သာလိုတော့ချိန်တွင် ဖြစ်သည်။ပြည်ပခရီးသွားတိုင်းလည်း ပါတီ၏ ဒုတိယခေါင်းဆောင် ဘယ်သူလဲဆိုတာ အမြဲလိုလိုအမေးခံရသည့် မေးခွန်းဖြစ်ကြောင်း ဒီချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်နေရာကို ဦးဉာဏ်ဝင်းက ဆက်ခံမှာလားဆိုပြီး နာမည်တောင်တပ်ပြီး မေးကြပါတယ်။ ဒါပေမဲ့အရိုက်အရာကို ဆက်ခံဖို့ မစဉ်းစားတာ အားလုံးရဲ့ဆန္ဒပဲ။ သမ္မတလောင်းဆိုတာ ပါတီထဲက ရွေးမှမဟုတ်ဘူး။ ဒုတိယခေါင်းဆောင်ဆိုတာ မပြောချင်လို့ကို မပြောဘဲ ဒီအတိုင်းထားထားတာ’’ဟု ၎င်းကပြောသည်။

ဒီချုပ်ပါတီစည်းမျဉ်းအရ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအဖွဲ့တို့ ရှိရမည်ဖြစ်သည်။ လက်ရှိဖွဲ့စည်းပုံတွင်မူ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် ကျန် ၁၄ ဦးမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည်။ ဒုဥက္ကဋ္ဌမရှိ။ အတွင်းရေးမှူးအဖွဲ့မရှိ။ ထို့ကြောင့် ဒီချုပ်သည် ဖွဲ့စည်းပုံပျက်နေကြောင်း နိုင်ငံရေးသမားအချို့က ဝေဖန်ကြသည်။

ပါတီခေါင်းဆောင်ပိုင်းကို စနစ်တကျဖွဲ့စည်းခြင်းသည် မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းအတွက် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ပါတီဝင်အားလုံး မဲပေးရွေးချယ်သည့် ခေါင်းဆောင်ပိုင်း အစုအဖွဲ့ကို အလျင်အမြန် တည်ဆောက်ရန်လိုကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

ထိုသို့မဟုတ်ပါက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော်လည်း မြန်မာ့ဒီမိုကရေစီအရေးတွင် အားထားရမည့်ပါတီအနေဖြင့် အင်အားချည့်နဲ့ သွားနိုင်ကြောင်း ၎င်းကပြောသည်။

‘‘မီဂါဝတီနဲ့ အန်တီ (ဒေါ်အောင်ဆန်းစုကြည်)တို့ မတူတာက အန်တီ့ကို မြန်မာပြည်သူအများစု လှိုက်လှိုက်လှဲလှဲ ထောက်ခံတယ်။ ဗိုလ်ချုပ်သမီးလည်း ဖြစ်တယ်။ ဒါပေမဲ့ ၂၀၁၅ အလွန်မှာ ဒီချုပ်က သမ္မတလောင်းရွေးခွင့်ရခဲ့ရင်၊ အဲဒီအချိန်ထိ ၅၉(စ) ရှိဦးမယ်ဆိုရင်၊ အန်တီ့အနေနဲ့ သူယုံကြည်စိတ်ချရတဲ့သူကို ဒုတိယခေါင်းဆောင်ကို နိုင်ငံရေးစင်မြင့်ပေါ်တင်ပေးဖို့လိုတယ်။ သူ့ကိုဆက်ခံမယ့် ခေါင်းဆောင်ကို သူကိုယ်တိုင်ရွေးတဲ့ နည်းလမ်းကမှ ၂၀၁၅ အတွက် အချိန်မီမှာဖြစ်တယ်’’ဟု ၎င်းကပြောသည်။

လူရွေးမှားသွားသည့် ရွေးကောက်ပွဲသာဓကတစ်ခု မြန်မာ့မြေအနီးတွင် လောလောလတ်လတ်ဖြစ်ပွားခဲ့သည်။ အိန္ဒိယတွင် သြဇာကြီးခဲ့သော ဆိုနီယာဂန္ဒီနှင့် သူမ၏ ကွန်ဂရက်ပါတီသည် ပြိုင်ဘက်ပါတီကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည်။ ပါတီမူဝါဒပိုင်းနှင့် ပြုပြင်ပြောင်းလဲရေးများ မေးခွန်းထုတ်ခံနေရချိန်တွင် လူကြိုက်နည်းနေသော သူမ၏သားဖြစ်သူကို သမ္မတလောင်းဝင်ပြိုင်စေခဲ့ခြင်းက အဓိကအမှားဟု နိုင်ငံတကာမီဒီယာများက သုံးသပ်ဖော်ပြကြသည်။

ထို့ကြောင့် မြန်မာပြည်သူအများစု နက်နက်ရှိုင်းရှိုင်း ထောက်ခံမှုရရှိထားသော ဒီချုပ်သည်လည်း အမှားမခံသည့်အနေအထား ရောက်နေပြီဖြစ်သည်။

အထူးသဖြင့် အချိုးကျကိုယ်စားပြုစနစ် (PR)ဖြင့် တစ်ဖက်အင်အားစုများက သွေးတိုးစမ်းလာချိန်၊ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်အချို့ကလည်း ဒီချုပ်ဥက္ကဋ္ဌကို ဝေဖန်တိုက်ခိုက်နေကြချိန်တွင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံသူ နိုင်ငံရေးမျိုးဆက်ပြတ်သကဲ့သို့ ဖြစ်နေခြင်းအပေါ် လက်ရှိအာဏာရပါတီ၊ အစိုးရအဖွဲ့တို့နှင့် နှိုင်းယှဉ်၍လည်း မကြာခဏ ဝေဖန်မှုများရှိသည်။ အထင်ရှားဆုံးမှာ ပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ဘယ်သူပြီးဘယ်သူဆိုသည့် အစီအမံများကို အခိုင်အမာချမှတ်ထားသည်။ ရွေးကောက်ပွဲအတွက် မျိုးစုံပြင်ဆင်နေသည်။

ထို့ကြောင့် မျိုးဆက်သစ်နိုင်ငံရေးသမားများကို နိုင်ငံရေးစင်မြင့်ပေါ်တင်ပေးရန်၊ နိုင်ငံရေးမဟာဗျူဟာတစ်ခု ပြည်သူကိုချပြရန် ဒီချုပ်ဥက္ကဋ္ဌထံ နိုင်ငံရေးသမားအချို့ ယခုရက်ပိုင်းအတွင်း ချဉ်းကပ်ဆွေးနွေးနေပြီ ဖြစ်သည်။

‘‘သေချာတာက အန်တီ့မှာ နောက်မျိုးဆက်ရွေးဖို့ အခက်အခဲရှိနေတယ်။ အန်တီ့အတွက် Think Tank တစ်ခု လိုကိုလိုတယ်။ အခု ဒီချုပ်ကို မြင်ရသလောက်တော့ နိုင်ငံရေးမှာ ထုသားပေသားကျကျ ခံနိုင်ရည်ရှိတာကို အရည်အချင်းလို့ ထင်နေတာ။ အမှန်က နိုင်ငံရေးဗျူဟာအရ ကျွမ်းကျင်သူတွေကို နေရာပေးဖို့လိုတယ်။ ခံနိုင်ရည်ရှိတဲ့လူတွေ ပိတ်ထားတဲ့အတွက် အရည်အချင်းရှိတဲ့သူတွေ တိုးလို့မရဘူး။ ဒါပေမဲ့ အခု ဗဟိုကော်မတီဝင်တွေကို ဖယ်ဆိုရင်လည်း သူတို့နေရာမှာ အစားထိုးမယ့်လူမရှိဘူး’’ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဇာဂနာက သူ၏အမြင်ကိုပြောသည်။

သူက ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်ဆွေးနွေးနေသူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။

ကမ္ဘာ့ဒီမိုကရေစီထိပ်တန်းရောက် အမေရိကန်ပြည်ထောင်စုတွင် သမ္မတအိုဘားမားကို လူထုက ရွေးချယ်သည်မှာ မှန်သည်။ သို့သော် အိုဘားမားလိုလူမျိုး အမေရိကန်တွင် များစွာရှိသည်။ အဓိကက အိုဘားမားကို ရှာဖွေစင်တင်ပေးသူများ တော်၍ဖြစ်သည်။ အမေရိကန်ဒီမိုကရက်ပါတီ ခေါင်းဆောင်ပိုင်းတွင်ပါဝင်သူ အက်ဒ၀ပ်ကနေဒီသည် အစ်ကိုဖြစ်သူ ကနေဒီနှစ်ဦးလုံး လုပ်ကြံခံရပြီးနောက် ကိုယ်တိုင်လည်း နာမည်ပျက်ရှိ၍ သမ္မတမဖြစ်နိုင်မှန်းသိချိန်တွင် ကလင်တန်လိုလူမျိုးကို ရှာဖွေသည်။ ပါတီတွင်း Training ပေးခြင်းဖြင့် ကလင်တန် သမ္မတဖြစ်လာသည်။

အိုဘားမားလိုလူကို မရရအောင်ရှာ၍ ချီကာဂိုပြည်နယ်တွင် ကျောက်မီးသွေးတူးသူ၊ လမ်းဖောက်သူ အလုပ်သမားလူတန်းစားအထိ ဆင်းပြီးစကားပြောခိုင်းသည်။ ပါတီက လေ့ကျင့်ပေးသူတို့ကလည်း လူထုအသည်းနှလုံးကို ဖမ်းစားပြီး သမ္မတဖြစ်အောင် ကြိုးစားကြသည်။ ကာယကံရှင်များ နဂိုအရည်အသွေးမြင့်မားမှုလည်း ပါသည်။

ဗြိတိန်တွင် ၀န်ကြီးချုပ်ပေါင်းများစွာကို စင်တင်ပေးသူအဖြစ် Alister Campbell ဆိုသူမှာ အလွန်ကျော်ကြားသည်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲကို ၀န်ကြီးချုပ်ဖြစ်အောင် နိုင်ငံရေးစင်မြင့်ပေါ် တင်ပေးသူအဖြစ် မီဒီယာများစွာက ဖော်ပြကြသည်။ သူ့အကြောင်း စာအုပ်ပေါင်းများစွာ ရေးသားထုတ်ဝေထားသည်။

ဆယ်စုနှစ်ငါးခုကျော် အာဏာရှင်စနစ်အောက် ရောက်ခဲ့သော မြန်မာနိုင်ငံတွင်တော့ ယင်းအလေ့အထ မထွန်းကားသေးပါ။ အထူးသဖြင့် အာဏာရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးတွင်ပင် လူရွေးချယ်မှုပြဿနာ ရှိပုံရကြောင်း ခန့်မှန်းရသည်ဟု ဇာဂနာကပြောသည်။

မြန်မာပြည်တွင် ဒီမိုကရေစီနည်းလမ်းတကျ ဖွဲ့စည်းထားသည့် ပါတီမှာ ဒီချုပ်တစ်ခုသာရှိသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတကာနှင့် ပြည်သူလူထုထံတွင် ပုံရိပ်ကျယ်ပြန့်ပြီးသားဖြစ်၍ လူထုကို ဆက်လက်စည်းရုံးသွားမည်သာဖြစ်ကြောင်း ဝေဖန်မှုများကို ဒီချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က တုံ့ပြန်သည်။

‘‘ဒေါ်အောင်ဆန်းစုကြည်မရှိရင် စဉ်းစားသင့်တာပေါ့ဆိုပြီး ၀ိုင်းပြောကြတယ်။ မလိုပါဘူး။ ပါတီမှာ ဦးဉာဏ်ဝင်းတို့၊ ဦးဟံသာမြင့်တို့ တစ်ချိန်လုံး လုပ်နေတာပဲ။ ကျွန်တော်တို့ကလည်း လွှတ်တော်ပိုင်းဆိုင်ရာ လုပ်တယ်။ ၂၀၁၅ ကို မပူဘူး။ ၂၀၁၅ အလွန်မှာ ၅၉(စ) မပြင်ရသေးလည်း လွှတ်တော်မှာ ပြင်လို့ရသလောက် နိုင်ငံရေးအရ ဆက်လုပ်သွားမှာပဲ’’ဟု ဦးဝင်းထိန်ကပြောသည်။

ယခုဆောင်းပါးအတွက် ဗဟိုအလုပ်အမှုဆောင်အချို့ထံ မေးမြန်းမှုအရ ပါတီတွင်း ဒေါ်အောင်ဆန်းစုကြည် အရိုက်အရာကို မည်သူဆက်ခံမလဲဆိုသည့် အဖြေတော့ အသင့်ရှိပုံမရ။ အရည်အချင်းရှိသူများကတော့ ပါတီလူကြီးပိုင်းရော၊ လူငယ်ပိုင်းတွင်ပါ များစွာရှိသည်ဟု ဦးဟံသာမြင့်ကဆိုသည်။
အင်အားကြီးပြီး နှစ်ပေါင်းများစွာ အချိန်ယူပြင်ဆင်ထားသော ပြိုင်ဘက်ပါတီက ၀ါဒဖြန့်ချိမှု အားကောင်းနေချိန်တွင် ဒီချုပ်မှာတော့ လူထုဆက်သွယ်ရေးတာဝန်ခံမှု၊ ပြန်ကြားပြောဆိုမှုများတွင်လည်း အားနည်းချက်များရှိနေကြောင်း သတင်းထောက်များနှင့် နိုင်ငံရေးသမားအချို့က ထောက်ပြပြောဆိုမှုများလည်း ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေးထားသော ပြောရေးဆိုခွင့်ရှိသူများက ယခုထက်ပိုပြီး ပြတ်ပြတ်သားသားပြောဆိုဖို့လည်း ၎င်းတို့က တိုက်တွန်းမှုများ ရှိနေသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ခေါင်းဆောင်ဟောင်း ဆူကာဒို၏သမီး မီဂါဝတီသည် ဂျိုကိုဝီဒိုဒိုလိုလူကိုရွေး၍ ယုံကြည်စွာ စင်တင်ပေးခြင်းဖြင့် တိုင်းပြည်တွင် အာဏာရှင်မျိုးဆက်ပြုတ်အောင် စွမ်းဆောင်လိုက်ပြီဖြစ်သည်။ ဒီမိုကရေစီအင်အားစုအဖြစ် ပြည်သူအားကိုးရာ ဒီချုပ်ပါတီခေါင်းဆောင်နှင့် ပြည်သူ့သူရဲကောင်း ဗိုလ်ချုပ်သမီး ဒီမိုကရေစီ၏ပြယုဂ် ဒေါ်အောင်ဆန်းစုကြည် ထံတွင် မြန်မာဂျိုကိုဝီဒိုဒိုများစွာ ၀န်းရံဖို့အချိန်တန်ပြီဖြစ်ပါသည်။

http://www.7daydaily.com/ မှ ကူးယူဖော်ပြသည်
မြန်မာ့နိုင်ငံရေးဆောင်းပါးများ

No comments:

Post a Comment