Monday, August 11, 2014

ပြည်တွင်း၌ မိုဘိုင်းနည်း ပညာထုတ်ကုန်များပေါ်မှ သတင်း ဖတ်ရှုမှုနှုန်း ပိုမိုမြင့်တက်နေ


ပြည်တွင်း၌ ဒေသတွင်း သတင်းများနှင့် နိုင်ငံတကာ သတင်းများကို နေ့စဉ်ထုတ် သတင်းစာများထက် မိုဘိုင်းအင်တာနက် ပေါ်မှ ဖတ်ရှုနှုန်းက ပိုမိုမြင့်တက် နေကြောင်း ရန်ကုန်မြို့နေ မိုဘိုင်းဖုန်း အသုံးပြုသူများ ထံမှ စုံစမ်း သိရသည်။
ယခု နောက်ပိုင်းတွင် ပြည်တွင်း၊ပြည်ပတွင်ဖြစ်ပေါ်နေသော နေ့စဉ်သတင်းများကို အွန်လိုင်း ပေါ်၌ ဖတ်ရှုသူဦးရေမှာ ယခင်နှစ် များကထက် ပိုမို မြင့်တက်လာနေခြင်းဖြစ်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် သတင်း ဖတ်ရှုနှုန်းသည် နေ့စဉ်သတင်းစာ၊ အပတ်စဉ် ဂျာနယ်များ ထုတ်ဝေရသည့် စောင်ရေထက်ပင် အဆပေါင်းများစွာ ပိုမိုနေသည်ဟု ရန်ကုန် အခြေစိုက် သတင်းစာတိုက် အချို့မှ အယ်ဒီတာ အချို့က သုံးသပ် ပြောကြားသည်။ဗြိတိန်နိုင်ငံအခြေစိုက် သုတေသတနနှင့် စစ်တမ်းကောက်ယူ သည့် အဖွဲ့အစည်း တစ်ခုဖြစ်သော On Device Research ၏ ယခုနှစ် ဇွန်လက ထုတ်ပြန်ချက်တွင် မြန် မာ နိုင်ငံတွင် အင်တာနက်ပေါ်မှ သတင်း ဖတ်ရှုသည့် ဦးရေက ထိပ်ဆုံး၌ ရပ်တည်နေပြီး ရုပ်မြင်သံကြား သတင်းကြည့်ရှုသူနှုန်းသည် ဒုတိယနေရာတွင်ရပ်တည်ကာ၊ နေ့စဉ်သတင်း စာဖတ်ရှုသူ အရေအတွက် တတိယ အများဆုံးဟု ဖော်ပြထားသည်။ On Device Research ၏ စစ်တမ်းတွင် အင်တာနက်ပေါ်မှ သတင်းဖတ်ရှုနှုန်း မှာ ၇၂ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားသည်။


ထို့အပြင် နေ့စဉ်ထုတ် သတင်းစာတိုက်များသည် ၎င်းတို့၏ အချိန်နှင့်အမျှ ရရှိလာသည့် သတင်းများကို ပြည်တွင်း၌ လူသုံးအ များဆုံး လူမှုကွန်ရက်စာမျက်နှာ တစ်ခုဖြစ်သည့် Facebook ပေါ်တွင် စာမျက်နှာ တစ်ခု တည်ဆောက်ကာ တင်ဆက်ခြင်းဖြင့် ဖတ် ရှုနှုန်းများ မြင့်တက်စေရန် လုပ်ဆောင်လာကြကြောင်း စုံစမ်း သိရသည်။ “နေ့စဉ် ထုတ်သတင်းစာတွေ ဝယ်မဖတ်ဖြစ်တာ နည်းနည်းကြာပြီ။ Facebook ပေါ် မှာတက်လာတဲ့ သတင်းနဲ့ သတင်းစာတွေမှာ ပါလာတဲ့သတင်းတွေက အတူတူ တွေပဲ။ သတင်းစာတွေကို ဝယ်မဖတ်ဖြစ်တော့ဘဲ Facebook ပေါ်က သူတို့ရဲ့ သတင်း စာမျက်နှာတွေကိုပဲ နေ့တိုင်းဖတ်ဖြစ်တယ်" ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းသုံးစွဲသူ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ ပြည်တွင်း၊ ပြည်ပနေ့စဉ်သတင်းများကို အင်တာနက်ပေါ်မှဖတ်ရှုရာတွင် မိုဘိုင်းဖုန်းနှင့် Tablet ကဲ့သို့နည်းပညာ ထုတ်ကုန်များဖြင့် ဖတ်ရှုသည့် နှုန်းက ရန်ကုန်၊ မန္တလေးကဲ့သို့မြို့ကြီးများတွင် ပိုမို များပြားဖွယ် ရှိကြောင်း ကွန်ပျူ တာ ပညာရှင် အချို့ ကလည်း သုံးသပ်ပြောကြားသည်။
“ကျွန်တော်တို့တစ်မိသားစု လုံးနီးပါးကတော့ မိုဘိုင်းဖုန်း က နေပဲ သတင်းတွေဖတ်ပါတယ်။ တစ်ပတ်တစ်ခါထုတ်တဲ့ သတင်းဂျာနယ်တွေကိုတော့ ဝယ်ဖတ်ကြတယ်။ အင်တာနက်ပေါ်တက်လာ တဲ့ သတင်းတိုင်း ကတော့ မှန်ကန်တာ မဟုတ်တဲ့အတွက် သတင်းဌာနကြီးတွေက ဖွင့်ထားတဲ့ စာမျက်နှာပေါ်က သတင်းတွေကိုပဲ ဖတ်တာများပါတယ်" ဟု ရန်ကုန်မြို့နေ မိုဘိုင်း ဖုန်းအသုံးပြုသူ အမျိုးသားတစ်ဦးက ဆိုသည်။
ယခုနောက်ပိုင်းတွင် ပြည်တွင်း၌ မိုဘိုင်းဖုန်းနှင့် အင်တာနက်ပေါ်မှတစ်ဆင့် သတင်း ဖတ်ရှုသူအရေအတွက် တိုးတက်များ ပြားလာခြင်းကြောင့် သတင်းဌာနအများစုသည် နေ့စဉ်ထုတ်ဝေနေရသည့် သတင်း စာလုပ်ငန်းနှင့် တစ်ချိန်တည်းမှာပင် လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် Facebook ပေါ်တွင် ၎င်းတို့သတင်းဌာန၏ ကိုယ်ပိုင်စာမျက်နှာများကို တည်ဆောက်ပြီး ကြည့်ရှုသူများပြား စေရန်အတွက် အပြိုင်အဆိုင် သတင်းတင်ဆက်မှုများကို ပြုလုပ်နေကြ ရကြောင်း သိရသည်။
ယခုလက်ရှိ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်မှာ ရှစ်သန်းကျော် ရှိလာပြီ ဖြစ်ပြီး မိုဘိုင်းဖုန်းဖြင့် Facebook သုံးစွဲသူအရေအတွက်မှာ ၁ ဒသမ ၇ သန်းကျော်ရှိပြီဖြစ်ပြီး လူကြည့်များသည့် သတင်းဌာန တစ်ခု၏ Facebook စာမျက်နှာ တစ်ခုသည် Like ပြုလုပ်ထားသူ အနည်းဆုံး နှစ်သိန်းမှ ဆယ်သိန်းကျော်အထိ ရှိလာပြီ ဖြစ်သည်။
Internet Journal

No comments:

Post a Comment