Thursday, August 21, 2014

ပြည်သူ့လွှတ်တော် PR ကော်မတီ မြန်မာတစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်များကို လေ့လာမည်

အချိုးကျကိုယ်စားပြုစနစ် (PR) ကို မြန်မာ့နိုင်ငံတွင် ကျင့်သုံးရေးအတွက် ကိုက်ညီမှု ရှိမရှိ လေ့လာမှုများ ပြုလုပ်နေသော ပြည်သူ့လွှတ်တော် PR ကျင့်သုံးနိုင်ရေး အကောင်အထည်ဖော်ရေး ကော်မတီသည် မြန်မာတစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်များ အခြေအနေကို လေ့လာမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးအောင်ဇင်က ပြောကြားသည်။
ယင်းသို့ လေ့လာရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ထို့သို့ လေ့လာမှု ပြုလုပ်ရန်နှင့် ဝန်ကြီးဌာနများ တွေ့ဆုံရန် ပြည်သူ့လွှတ်တော် PR စနစ် ကျင့်သုံးနိုင်ရေး အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းစဉ်များတွင် ထည့်သွင်း ရေးဆွဲထားကြောင်း ၎င်းကဆိုသည်။


“မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ၊ ဒေသဖွဲ့စည်းပုံ အခြေအနေတွေကို သိဖို့ လိုပါတယ်။ ဒါမှ PR စနစ် ကျင့်သုံးရင် ဘယ်လိုပုံစံဆို အဆင်ပြေမလဲဆိုတာ ဆုံးဖြတ်လို့ရမှာပါ။ ဘယ်အချိန် တွေ့ရမယ် ဆိုတာတော့ မသိဘူး။ ကော်မတီက ရက်ပေါင်း (၆၀) သက်တမ်းဆိုတော့ ဒီကြားထဲ အဆင်ပြေသလို တွေ့မှာပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် မဲပေးနိုင်သူ အရေအတွက်ကို ညှိနှိုင်းရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် PR စနစ် အကောင်အထည်ဖော်ရေး ကော်မတီထံမှ သိရသည်။

ထို့အပြင် သြဂုတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် PR စနစ် အကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၌ PR စနစ် ကျင့်သုံးနိုင်ရေးအတွက် မူကြမ်းတစ်ရပ်ကို စတင်ရေးဆွဲမည် ဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

ရွေးကောက်ပွဲများတွင် PR စနစ် ကျင့်သုံးနိုင်ရေးကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုနိုင်ရန်အတွက် ကိုယ်စားလှယ် ၂၄ ဦး ပါဝင်သည့် PR စနစ် ကျင့်သုံးနိုင်ရေး အကောင်အထည်ဖော်ရေး ကော်မတီကို ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖွဲ့စည်းခဲ့သည်။

သို့သော်လည်း PR စနစ် ကျင့်သုံးရေးကို အမျိုးသားလွှတ်တော်တွင် အတည်ပြုထားပြီး ကိုယ်စားလှယ် ၃၆ ဦးပါ PR စနစ် အကောင်အထည်ဖော်ရေး ကော်မတီကို ဇွန်လအတွင်း ဖွဲ့စည်းထားသည်။

အဆိုပါ အမျိုးသားလွှတ်တော် PR စနစ်အကောင်အထည်ဖော်ရေး ကော်မတီ၏ သြဂုတ်လ ၁၈ ရက်နေ့ အစည်းအဝေးတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ခြောက်ခုမှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးတွင် PR စနစ် ကျင့်သုံးရန် ဆုံးဖြတ်ထားသည်။
The Voice Weekly

No comments:

Post a Comment