Wednesday, August 27, 2014

RCSS/SSA ဖမ်းဆီးခံ သက်ကြီးရွယ်အိုများ ကျန်းမာရေးချို့တည့်မှုကြောင့် မိသားစုဝင်လူငယ်များအား လူသစ်အဖြစ် လဲလှယ်

Photo: RCSS/SSA ဖမ်းဆီးခံ သက်ကြီးရွယ်အိုများ ကျန်းမာရေးချို့တည့်မှုကြောင့် မိသားစုဝင်လူငယ်များအား လူသစ်အဖြစ် လဲလှယ်
Wednesday, August 27, 2014

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လင်းခေးမြို့နယ်၊ ၀မ်ကျိုကျီကျေးရွာအနီးတွင် သြဂုတ်လ ပထမပတ်က ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့မှ ဖမ်းဆီးသွားသော သက်ကြီးရွယ်အိုများအစား မိသားစုဝင် လူငယ်များ လူသစ်အဖြစ် အစားထိုးလဲလှယ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လူသစ်မလုပ်လို၍ တိမ်းရှောင်နေသော ဒေသခံလူငယ်များအစား မိသားစုဝင် သက်ကြီး ရွယ်အို အမျိုးသမီးများကို RCSS/SSA အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။

“ တောထဲမှာဆိုတော့ ကျန်းမာရေးက မကောင်းဘူး၊ နောက်ဆုံးတော့ ကလေးတွေ ပြန်ဆက်သွယ်ပြီး အစားထိုးလဲလှယ် ခိုင်းရတာပါ၊ အဲဒီလို လုပ်ရတဲ့အတွက် ကလေးတွေလည်း စိတ်ထိခိုက်သွားကြတယ်၊ ဒါပေမယ့် ကိုယ့်အမေ၊ အဘွားတွေ အတွက် အနစ်နာခံရတာဆိုတော့ ကုသိုလ်ရပါတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

RCSS/SSA အဖွဲ့မှ ဖမ်းဆီးထားသော သက်ကြီးရွယ်အို ရှမ်းတိုင်းရင်းသူများမှာ နောင်လုံကျေးရွာမှ (၇) ဦးနှင့် ပန်ကျင် ကျေးရွာမှ (၄) ဦး စုစုပေါင်း (၁၁) ဦးခန့်ရှိကြောင်း သိရသည်။

“ အစားထိုးလဲလှယ်တဲ့ လူငယ်တွေအပါအ၀င် လူသစ်စုဆောင်းခဲ့ရတဲ့ ဦးရေဟာ (၆၀) လောက်တော့ ရှိမယ်၊ ဟိုတစ်နေ့ ကတော့ လွယ်ဆပ်တောင်ဘက်ကို ခေါ်သွားတာတွေ့တယ်၊ အဲဒီမှာ စစ်သင်တန်း ဖွင့်မယ်လို့လည်း ကြားတယ် ´´ ဟု အသက်ခုနှစ်ဆယ်အရွယ် အဘိုး စိုင်းလုံစံက ပြောသည်။

RCSS/SSA အဖွဲ့အနေဖြင့် စုဆောင်းရရှိသော လူသစ်များအား အဆိုပါတောင်တွင် စစ်သင်တန်းဖွင့်လှစ်သင်ကြားပါက ဆန်၊ဆီနှင့် ငွေကြေးများကို အနီးဝန်းကျင်ကျေးရွာများသို့ လာရောက်ကောက်ခံမည်ဖြစ်၍ ဒေသခံများလည်း စိတ်ပျက်နေ ကြကြောင်း ၀မ်ကျိုကျီ ရွာသားတစ်ဦးက ပြောကြားသွားသည်။
Shan News

No comments:

Post a Comment