Sunday, September 14, 2014

ခရီးသည် ၁၄ ဦး သေဆုံးသည့် ရာဇာမင်း ယာဉ်တိမ်းမှောက်မှု ယာဉ်မောင်းကို ထောင်ဒဏ် ၁၄ နှစ်ကျော် ချမှတ်

နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၉၇/၆) အနီး၌ ၂၀၁၄ ခုနှစ် မေလ ၁၂ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်က ခရီးသည် ၁၄ ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာ ရရှိခဲ့သည်အထိ ဖြစ်စေခဲ့သည့် ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်တွင် ယာဉ်မောင်းကို စက်တင်ဘာလ ၉ ရက်နေ့က ပြစ်ဒဏ်ငါးခုဖြင့် လယ်ဝေးမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၄ နှစ် သုံးလ ချမှတ်ခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့ ဌာနချုပ် ရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ယာဉ်မောင်း မင်းခန့် (ခ) ထွန်းခန့်စိုးကို ၂၀၁၄ နှစ် ဇွန်လ ၁၃ ရက်နေ့တွင် မိုင်တိုင်အမှတ် (၁၉၇/၆) အနီးရှိ ပလွေးအမြန်လမ်း ရဲစခန်းက စွဲချက် အမှတ် (၉/၂၀၁၄)၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် လည်းကောင်း၊ ယာဉ်မောင်းလိုင်စင် မရှိဘဲ မောင်းနှင်သည့်အတွက် မော်တော်ယာဉ် ဥပဒေပုဒ်မ ၂၁/၆၄ ဖြင့် လည်းကောင်း တရားစွဲတင်ပို့ရာ လယ်ဝေးမြို့နယ် တရားရုံးက လက်ခံစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်နှင့် လယ်ဝေးမြို့နယ် တရားရုံး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
ယာဉ်မောင်း မင်းခန့် (ခ) ထွန်းခန့်စိုးကို ၂၀၁၄ နှစ် ဇွန်လ ၁၃ ရက်နေ့က မော်တော်ယာဉ် ဥပဒေပုဒ်မ ၂၁/၆၄ ဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့တွင် ပြစ်မှုပုဒ်မ ၃၀၄-ကအရ အလုပ်နှင့် ထောင်ဒဏ် (၇) နှစ်၊ ပြစ်မှုပုဒ်မ ၃၃၈ အရ အလုပ်နှင့် ထောင်ဒဏ် (၅) နှစ်၊ ပြစ်မှုပုဒ်မ ၃၃၇ အရ အလုပ်နှင့် ထောင်ဒဏ် (၂) နှစ် စုစုပေါင်း ၁၄ နှစ် ထပ်မံချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ် ရုံးမှ စုံစမ်းသိရှိရသည်။
“ယာဉ်မောင်းကို အဓိကပြစ်မှု လေးခုအပြင် ယာဉ်မောင်းလိုင်စင် မရှိဘဲ မောင်းနှင်တဲ့အတွက် ပုဒ်မအသီးသီးနဲ့ တရားစွဲဆို တင်ပို့ခဲ့တာပါ။ ပြစ်ဒဏ် ချမှတ်တာကတော့ သက်ဆိုင်ရာ တရားရုံးနဲ့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ပဲ ဆိုင်ပါတယ်” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး ရုံးမှ ရဲမှူးကြီးနေဝင်းက ပြောကြားသည်။
နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရာဇာမင်း ခရီးသည်တင် မှန်လုံယာဉ်သည် နေပြည်တော်ကောင်စီ နယ်မြေ ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၁၉၇ အနီး ဝက်လက်မီးရထား ခုံးကျော်တံတားကို တိုက်မိပြီး တံတားအောက်သို့ ပြုတ်ကျခဲ့သောကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၄၆ ဦးအနက် ၁၄ ဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့သည်။

The Voice Weekly

No comments:

Post a Comment