Tuesday, September 23, 2014

အော်ရီဒူး ဖုန်းခေါ်ဆိုခ စက္ကန့်အလိုက်သာ ကောက်ခံတော့မည်

ဖုန်းအသုံးပြုချိန် တစ်မိနစ် မပြည့်လျှင်ပင် (တစ်မိနစ် ကျသင့်နှုန်း) ၃၅ ကျပ် ကောက်ခံပြီး ဖုန်းခေါ်ဆိုမှု မကြည်လင်ခြင်း၊ ဖုန်းလိုင်း မကောင်းမွန်ခြင်းကြောင့် ပြည်သူလူထုက ဝေဖန်မှုများ ရှိနေသော အော်ရီဒူး ဖုန်းခေါ်ဆိုခ နှုန်းထားများကို စက်တင်ဘာ ၂၃ ရက်နေ့မှ စကာ အသုံးပြုသည့် စက္ကန့်အလိုက် ပြောင်းလဲ ကျသင့်တော့မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

အော်ရီဒူး ဖုန်းဆက်သွယ်ရေး ကွန်ရက်များ ကောင်းမွန်စွာ လည်ပတ်နိုင်ရေး ဗဟိုဌာနတွင် မြန်မာဝန်ထမ်းဦးရေ ၃၀၀ ဖြင့် လုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ပြီး သုံးစွဲသူ ပြည်သူလူထု၏ အကြံပြုချက်များနှင့် သုံးစွဲမှုအပေါ် သဘောထား အခြေအနေတို့ကို ပြုလုပ်ခဲ့ပြီးနောက် ယင်းကဲ့သို့ ပြောင်းလဲကောက်ခံခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။


“ကိုယ်သုံးသလောက်ပဲ ကျသင့်တယ်ဆိုတာ အင်မတန် အရေးကြီးပါတယ်လို့ ကျွန်တော်တို့ သုံးစွဲသူ မိဘပြည်သူများ ပြောပြချက်အရ သိရပါတယ်။ ကျွန်တော်တို့ရဲ့ အသံအရည်အသွေးမြှင့် ခေါ်ဆိုမှုတွေကို ဒီအယူအဆနဲ့ ထပ်ပေါင်းခြင်းအားဖြင့် သုံးစွဲသူ မိဘပြည်သူတွေကို ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေနဲ့ ပိုမိုသက်သာတဲ့ နှုန်းထားများကို ဝန်ဆောင်မှု ပေးနိုင်တော့မှာ ဖြစ်ပါတယ်” ဟု အော်ရီဒူးမြန်မာ အမှုဆောင် အရာရှိချုပ် ROSS CORMACK ၏ ပြောကြားချက်ကို ယင်းထုတ်ပြန်ချက်တွင် ကိုးကားဖော်ပြသည်။

“မိနစ်ကနေ စက္ကန့်အလိုက် ကျသင့်မယ်ဆိုရင် ဆိုးတော့ မဆိုးဘူးပေါ့ဗျာ။ အင်တာနက် ကော်နက်ရှင်လည်း ကောင်းမယ်၊ အသံလည်း ကြည်မယ်ဆိုရင် ကောင်းတာပေါ့။ ခုတော့ တိုင်တွေပဲ မပြည့်စုံသေးလို့ပဲလား မသိဘူး၊ ခေါ်ရတာ အဆင်မပြေဘူးဗျ” ဟု စမ်းချောင်းမြို့နယ် အတွင်းရှိ အော်ရီဒူးဖုန်း သုံးစွဲသူ ဦးအောင်မင်းထွန်းက ပြောဆိုသည်။

လက်ရှိတွင် အော်ရီဒူးအနေနှင့် အင်တာနက် အသုံးပြုခများကို ယခင်က 1 MB လျှင် ၂၅ ကျပ် ကောက်ခံရာ ပြည်သူလူထု၏ ဝေဖန်မှုများကြောင့် ယခင် ၂၅ ကျပ်မှ ၁၀ ကျပ်သို့ ပြောင်းလဲ ကောက်ခံခဲ့သည်။

အော်ရီဒူး ဖုန်းဝန်ဆောင်မှု ကုမ္ပဏီသည် ကာတာနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ဆက်သွယ်ရေးလိုင်စင် ရရှိပြီး နောက် ၂၀၁၄ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖုန်းဆင်းမ်ကတ်များကို စတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment