Thursday, September 11, 2014

အိမ်ရှင်ပရိသတ်ရှေ့မှောက်တွင်ဗီယက်နမ်ကိုထပ်မံအနိုင်ယူရန် ခက်ခက်ခဲခဲကြိုးစားရမည်ဖြစ်ကြောင်း မြန်မာယူ-၁၉အသင်း နည်းပြဖရိုင်းဒရစ်ပြော

AFF NUTIFOOD U19 CUP 2014ပြိုင်ပွဲဆီမီးဖိုင်နယ်အဖြစ်ယနေ့ စက်တင်ဘာ(၁၁)ရက်၊ညနေ ၆နာရီ၄၅မိနစ်တွင် မြန်မာယူ-၁၉အသင်းသည် ဗီယက်နမ်ယူ-၁၉အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲစဉ်တွင်အိမ်ရှင်ဗီယက်နမ်အသင်းကိုအနိုင်ရရန်ခက်ခက်ခဲခဲကြိုးစားရမည်ဖြစ်ကြောင်း မြန်မာယူ-၁၉အသင်းနည်းပြ ဂတ်ဖရိုင်းဒရစ်ခ်ျကပြောလိုက်သည်။
မြန်မာယူ-၁၉အသင်းနှင့်ဗီယက်နမ်ယူ-၁၉အသင်းတို့သည်ပြီးခဲ့သည့်လက ဘရူနိုင်းဘုရင့် ဖလား ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့ကြပြီး မြန်မာအသင်းက(၄-၃)ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ယခုတစ်ဖန် ဒေသတွင်းပြိုင်ပွဲ ဆီမီး အဆင့်တွင်ထပ်မံ တွေ့ဆုံလာခြင်းဖြစ်သည်။
ယခုဗီယက်နမ်နှင့်ပွဲစဉ်အတွက် မြန်မာယူ-၁၉အသင်းနည်းပြဖရိုင်းဒရစ်ခ်ျက”အိမ်ရှင်ဗီယက်နမ်မှာလျင်မြန်မှုကောင်းပြီးအရည်အသွေးကောင်းတွေရှိတဲ့ကစားသမားတွေပါဝင်နေတယ်။သူတို့ဟာနည်းပြနဲ့အတူအချိန်ကြာ ကြီးလက်တွဲလေ့ကျင့်ထားခဲ့ကြပြီး သူတို့ရဲ့စွမ်းဆောင်ရည်တွေကြောင့် ကျွန်တော်စိတ်လှုပ်ရှား မိပါတယ်”ဟုပြောကြားခဲ့ သည်။
မြန်မာယူ၁၉အသင်းအနေဖြင့်ယခင်လကဗီယက်နမ်ကိုအနိုင်ယူဗိုလ်စွဲထားခဲ့သော်လည်းအိမ်ရှင်ပရိသတ်ရှေ့မှောက်တွင်ထပ်မံအနိုင်ယူရန်မှာမလွယ်ကူကြောင်း
ယင်းနည်းပြကြီးကထပ်မံပြောကြားခဲ့သည်။
မြန်မာအသင်းအနေဖြင့် ယခင်လက ဘရူနိုင်းဘုရင့်ဖလားတွင်ဗိုလ်စွဲခဲ့ခြင်းမှာ ဂျာမနီ၊ချက်၊ကမ္ဘောဒီးယား ၊တရုတ်၊ အိုမန်၊လာအို၊ပိုလန်ကဲ့သို့နိုင်ငံများတွင်လေ့ကျင့်မှုဆင်းနိုင်ခဲ့သည့်အတွက်ကြောင့်ဟု မှတ်ချက်ပြု ခဲ့ပြီး ထိုကဲ့သို့လေ့ကျင့်မှု များကြောင့်အတွေ့အကြုံများစွာကိုရရှိစေနိုင်ခဲ့ကြောင်းမှတ်ချက်ပြုခဲ့သည်။
လက်ရှိတွင်မြန်မာယူ၁၉အသင်း၏တိုက်စစ်အတွဲဖြစ်သည့် အောင်သူ၊ငြိမ်းချမ်းအောင်နှင့် မောင်မောင်စိုးတို့မှာ
အန္တရာယ်အပေးနိုင်ဆုံးကစားသမားများအဖြစ်သတ်မှတ်ခံနေရပြီးယင်းကစားသမား(၃)ဦးမှာ ယခုပြိုင်ပွဲတွင် (၄) ဂိုးသွင်းထားနိုင်သလို အောင်သူမှာဘရုနိုင်းဘုရင့်ဖလားဗိုလ်လုပွဲစဉ် အဖြစ်ဗီယက်နမ်နှင့်ပွဲစဉ် တွင်လည်း အနိုင်ဂိုးသွင်းယူထားသူဖြစ်သည်။
ယင်းအတွက်ကြောင့် ဗီယက်နမ်အသင်းနည်းပြ ဂူလီယာမီက”ဆီမီးဖိုင်နယ်ပွဲစဉ်အတွက်မြန်မာနဲ့ ယှဉ်ပြိုင်ရတာဗီယက်နမ်အတွက်ကြီးမားတဲ့စိန်ခေါ်မှုပဲဖြစ်ပါတယ်။ဗဟိုခံစစ်မှူး Dong Trieu ကညာဘက်ခြေထောက်မှာအသေးစားဒဏ်ရာရရှိထားနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီပွဲစဉ်မှာ တောင့်တင်းတဲ့စွမ်းဆောင်ရည်ပုံစံကိုပြသသွားမှာဖြစ်ပြီး ခံစစ်ကအမှားတွေကို အတတ်နိုင်ဆုံးလျော့ ချနိုင်အောင် ကြိုးပမ်းသွားပါမယ်”ဟုပြောကြားခဲ့သည်။
မြန်မာယူ-၁၉နှင့်ဗီယက်နမ်ယူ-၁၉ပွဲစဉ်ကိုဗီယက်နမ်ပရိသတ်အများအပြားလာရောက်ကြည့်ရှုမည်ဟုသိရပြီး ယင်းပွဲစဉ်လက်မှတ်ရရှိရန် ဗီယက်နမ်ပရိသတ်များတိုးဝှေ့ဝယ်ယူနေရကြောင်းလည်းသိရသည်။
မြန်မာယူ-၁၉အနေဖြင့် ဗီယက်နမ်ယူ-၁၉ကိုထပ်မံအနိုင်ရရှိလျှင် လာမည့်စနေနေ့တွင်ဂျပန်နှင့်ထိုင်း အသင်းပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းနှင့်ဗိုလ်လုပွဲတွင်တွေ့ဆုံရမည်ဖြစ်သည်။


Yangon Media Group

No comments:

Post a Comment