Friday, September 12, 2014

မြန်မာနိုင်ငံထဲ တရုတ်နိုင်ငံသား ဝင်ရောက်မှု ပြဿနာကြီးတစ်ခု ဖြစ်နေပြီလား

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်က ကျင်းပတဲ့ မန္တလေးတိုင်းလွှတ်တော်အစည်းအဝေးမှာ ပျော်ဘွယ်အမတ် ဦးတင်စိုးက မန္တလေးကို တရုတ်နိုင်ငံသားတွေ အများအပြား ဝင်ရောက်လာနေတဲ့အကြောင်း၊ တချို့ဆို နိုင်ငံသားမှတ်ပုံတင်တွေတောင်ကိုင်ထားကြတဲ့အကြောင်း၊ ပြည်သူတချို့က မန္တလေးကို ဒုတိယဟောင်ကောင်ဆိုပြီးတောင် တင်စားခေါ်နေကြတဲ့အကြောင်း၊နောင် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးများအကြား ရှုပ်ထွေးလာနိုင်စရာရှိကြောင်း ပြည်သူတွေကလည်း စိုးရိမ်နေတဲ့အတွက် ဒီပြဿနာတွေနဲ့
ပတ်သက်ပြီး အစိုးရဘက်က ဘယ်လို လုပ်ကိုင်ဆောင်ရွက်နေပါသလဲဆိုတဲ့ မေးခွန်းကို မေးပါတယ်။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး မန္တလေးတိုင်းအစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက အစိုးရအနေနဲ့ ဥပဒေနဲ့အညီ ကိုင်တွယ်နေတဲ့အကြောင်း၊ ဘာပြဿနာမှ မရှိတဲ့အကြောင်း၊ လုံးဝစိတ်ပူဖို့ မလိုတဲ့အကြောင်း ပြန်ဖြေပါတယ်။ ပျော်ဘွယ်အမတ် စိုးရိမ်မေးမြန်း တာဟာ အကျိုးအကြောင်း ခိုင်လုံရဲ့လား၊ တိုင်းဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး ဖြေတာကရော လက်ခုံစရာရှိပါရဲ့လား။ တကယ့်အဖြစ်မှန်က ဘယ်လိုများလဲဆိုတာ ဆန်းစစ်ကြည့်ကြရအောင်။
ပျော်ဘွယ်အမတ် ဦးတင်စိုး မေးတာကို တာဝန်ရှိသူဖြစ်တဲ့ မန္တလေးတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက အရင် အစိုးရတာဝန်ရှိသူ အဆက်ဆက်ဖြေကြားခဲ့ကြသလိုပဲ စာအုပ်ကြီးအတိုင်း ဝတ်ကျေတန်းကျေဖြေသွားတာပါ။ လဝက ကနေ ကောင်းကောင်း စစ်ပါတယ်။ နိုင်ငံခြားသားတွေကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးတာမျိုး မရှိပါဘူး။ အခုဆို ဗီဇာ စည်းကမ်းနဲ့ မကိုက်ညီတဲ့ နိုင်ငံခြားသား ၇၃ ယောက်ကို ပြည်နှင်ဒဏ်ပေးခဲ့ပြီးဖြစ်တယ် စသဖြင့် ဖြေဆို သွားတာ ဖြစ်ပါတယ်။
တကယ်တော့ မန္တလေး၊ ရန်ကုန်နဲ့ မြို့ပြတွေမှာ တရုတ်နိုင်ငံသားတွေ ဝင်ရောက်အခြေချတဲ့ ပြဿနာ ဒီလောက်မရိုးရှင်းပါဘူး။ ဒီပြဿနာ တရားဝင်စာရင်းဇယားနဲ့ အတိအကျပြောဖို့ ခက်ပေမယ့် တကယ့်လက်တွေ့ မြင်နေတွေ့နေရတဲ့ အခြေအနေအောက်မှာ တရုတ်နိုင်ငံသား အများအပြား ဝင်ရောက်ခဲ့တယ်။ ဝင်ရောက်နေတယ်။ နိုင်ငံသား စိစစ်ရေးကတ်တွေ ကိုင်ထားကြတယ်။ အိမ်ထောင်စုစာရင်းတွေလည်း ရှိတယ်။ အိမ်ခြံမြေတွေ ဝယ်ယူပိုင်ဆိုင်ထားနိုင်ကြတယ်။ စီးပွားရေး လုပ်ငန်းကြီးတွေ လုပ်နေကြတယ်၊ ကုန်သွယ်မှုလုပ်ငန်းတွေ လုပ်နေကြတယ် ဆိုတာတွေ ကိုတော့ ငြင်းလို့မရနိုင်ပါဘူး။
ဒီပြဿနာကို နားလည်ဖို့ဆိုရင်အတိတ် ဇာတ်ကြောင်း နည်းနည်း ပြန်ကောက်ရပါလိမ့်မယ်။ မြန်မာနိုင်ငံထဲက တရုတ်လူမျိုးတွေ အခြေအနေကိုလေ့လာချင်ရင် အချိန်အပိုင်းအခြားနှစ်ခု လေ့လာရပါမယ်။ ပထမတစ်ချိန်ကတော့ ၁၉၆၇ တရုတ်-ဗမာအကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ခဲ့ချိန်ပါ။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံထဲ နေထိုင်တဲ့ တရုတ်လူမျိုးတွေဟာ ရန်ကုန် အပါအဝင် မြို့အတော်များများမှာ ဗမာတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုခံရပြီးနောက် တရုတ်ပြည် အပြီးအပိုင် ပြန်သွားသူတွေ၊နိုင်ငံခြားထွက်သွားသူတွေ၊ နောက်ပိုင်း တရုတ်နယ်စပ်ကို ဝင်ရောက်တိုက်ခိုက် အခြေချလာတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဗကပနဲ့ သွားရောက် ပူးပေါင်းသူတွေဆိုတာ ရှိခဲ့ပြီး အရည်အတွက် လျော့ကျခဲ့ပါတယ်။ ပြည်တွင်းမှာ ကျန်နေတဲ့ တရုတ်လူမျိုး အများစုဟာလည်း နေထိုင်မှုပုံစံတွေ ပြောင်းလဲခဲ့ပါတယ်။ ဗမာတွေလို ဝတ်စားဆင်ယင်၊ ဗမာစကားပြော၊ ဗမာတွေလို ဘုရားသွားကျောင်းတက် ဗုဒ္ဓဘာသာကိုးကွယ်၊ ဗမာနာမည်မှည့်ခေါ်တဲ့ မျိုးဆက်တွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။
နောက်တစ်ကြိမ် အလှည့်အပြောင်းကတော့ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီး အဲဒီက ခွဲထွက်ခဲ့တဲ့ ဝ၊ ကိုးကန့်၊ အခါဒေသ၊ကချင်အထူးဒေသမှာ အခြေစိုက်တဲ့ တပ်ဖွဲ့တွေ စစ်အစိုးရနဲ့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးယူလိုက်ချိန် ၁၉၉၀ ပြည်နှစ်က စပါတယ်။ အပစ်ရပ်ပြီးနောက် အဲဒီအဖွဲ့တွေအားလုံး ဖားကန့်၊ မိုင်းရှူး၊ ခန္တီး စတဲ့ နေရာတွေမှာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ပါတယ်။ နောက်ပိုင်း မြို့ပေါ်တက် စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ပါတယ်။က်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တွေ၊ မိသားစုဝင်တွေ၊ အောက်ခြေ တပ်မှူး တပ်သားအဆင့်ဆင့်ဟာ အကြောင်းအမျိုးမျိုးနဲ့ အစိုးရထိန်းချုပ်ထားတဲ့ မြို့ပြတွေကို ဝင်ထွက်သွားလာကြပါတယ်။ ဒီနေရာမှာ မှတ်ပုံတင်လိုလာတဲ့အတွက် မှတ်ပုံတင်လုပ်တဲ့ ကာလကြီးတစ်ခုဖြစ်ပေါ်လာပါတယ်။ မှတ်ပုံတင်လုပ်ရတာလည်း လွယ်ပါတယ်။ သက်ဆိုင်ရာ တပ်ဖွဲ့ခေါင်းဆောင်ရဲ့ အသိအမှတ်ပြုစာ၊ သက်ဆိုင်ရာ နယ်မြေစစ်ထောက်လှမ်းရေး တပ်ဖွဲ့ရဲ့ထောက်ခံမှုနဲ့ လဝက က မှတ်ပုံတင်တွေ လွယ်လွယ်ကူကူ လုပ်ပေးပါတယ်။ အားလုံး နိုင်ငံသားစိစစ်ရေးကတ်တွေပါ။
လက်နက်ကိုင်တပ်ဖွဲ့တွေ ကျောက်တွင်းနဲ့ မြို့ပေါ်စီးပွားရေးလုပ်ရာမှာ သူတို့နဲ့ အတူပါလာသူတွေကတော့ ယူနန်ပြည်နယ်က တရုတ်တွေပါ။ အစပိုင်းမှာ သက်ဆိုင်ရာတပ်ဖွဲ့ ထောက်ခံစာလောက်နဲ့ သွားလာနေရာကနေ နောက်ပိုင်း သူတို့လည်း နိုင်ငံသား စိစစ်ရေးကတ်တွေ လုပ်ကြပါတယ်။ တရုတ်နိုင်ငံထဲနေ၊ တရုတ်မှတ်ပုံတင် ရှိပေမယ့် ကိုးကန့်တိုင်းရင်းသားလို့ ပြောလိုက်ရုံ၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးနယ်မြေထဲနေတဲ့ မြန်မာနိုင်ငံသား တရုတ်လူမျိုးလို့ ပြောလိုက်ရုံနဲ့ နိုင်ငံသား စိစစ်ရေးကတ်တွေရကြပါတယ်။ ပထမပိုင်း လက်နက်ကိုင်အဖွဲ့ ထောက်ခံစာ၊ စစ်ထောက်လှမ်းရေးထောက်ခံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေ လုပ်ခဲ့ကြပေမယ့် နောက်ပိုင်း စစ်ထောက်လှမ်းရေးတွေကိုယ်တိုင် လာဘ်ငွေယူပြီးနိုင်ငံသားစိစစ်ရေးကတ်တွေ အများကြီး လုပ်ပေးပါတော့တယ်။ အတုမြင် အတတ်သင် ဆိုသလိုပါပဲ။ ထောက်လှမ်းရေးတွေလုပ်တာကြည့်ပြီး လဝကအရာရှိအဆင့်ဆင့်ကလည်း အဂတိလိုက်စားပြီး၊ တရုတ်နိုင်ငံသားတွေကို ကိုးကန့်၊ ဒါမှမဟုတ် အပစ်ရပ် နယ်မြေထဲက မြန်မာနိုင်ငံသား တရုတ်အဖြစ် နိုင်ငံသားစိစစ်ရေးကတ်တွေ လုပ်ပေးကြပါတော့တယ်။ တချို့ဆို တရုတ်ပေမယ့် နိုင်ငံသားစိစစ်ရေးကတ်ထဲမှာ ကချင်၊ လားဟူ၊ လီဆူး၊ အခါ ဆိုတာမျိုးတောင် ဖြစ်လိုက်ပါသေးတယ်။ အဲဒီနည်းနဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်း မန္တလေးကို နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားတဲ့၊ အိမ်ထောင်စုစာရင်းတွေ ရှိတဲ့ တရုတ်နိုင်ငံသား အများစု ဝင်ရောက်လာနိုင်တာ ဖြစ်ပါတယ်။
ဒါတွေကို ရိုးရိုးစာရင်းကောက်ကြည့်ရုံ၊ သန်းခေါင်စာရင်း ကောက်ကြည့်ရုံနဲ့ အဖြေမပေါ်ပါဘူး။ စိစစ်ရေးကတ်တွေမှာ တချို့တိုင်းရင်းသားဖြစ်နေတာ၊ တချို့ ကိုးကန့်ဖြစ်နေတာ၊ တချို့ မြန်မာနိုင်ငံသား တရုတ်ဖြစ်နေတာအပြင် အားလုံးဟာ ဗုဒ္ဓဘာသာလို့ ဖြည့်စွက်ထားကြလို့ ဖြစ်ပါတယ်။ တကယ့်တကယ် ၁၉၈၂ နိုင်ငံသားစိစစ်ရေး ဥပဒေအတိုင်းသာ ပြန်စိစစ်ရင် မန္တလေးအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက တရုတ်လူမျိုးအများစု နိုင်ငံသားစိစစ်ရေးကတ်ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ ပြဿနာတွေဟာ ၁၉၉၀ လောက်ကတည်းက စခဲ့တာဖြစ်လေတော့ ဖြေရှင်းရခက်နိုင်ပါတယ်။ လုပ်ရမှာက အစိုးရအနေနဲ့ တိုင်းပြည်ကို တည်ငြိမ်မှုရှိအောင် အရင်ထိန်းသိမ်း၊ ပြဿနာကို အသိအမှတ်ပြု၊ အဖြေရှာ လက်တွေ့ ဖြေရှင်းမှသာ ခုလို မန္တလေးမြို့ခံတွေတင်မက မြန်မာနိုင်ငံသား အားလုံးစိုးရိမ်နေတဲ့ ကိစ္စကြီး ဖြေရှင်း လို့ရနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက် ရပါတယ်။

Mizzima

No comments:

Post a Comment