Tuesday, September 30, 2014

တိုက်ပွဲများကြောင့် တပ်မတော်ကို အပြစ်မတင်ရန် ဦးရဲထွဋ် တုံ့ပြန်

U-Ye-Htut-1
ရန်ကုန် (မဇ္ဈိမ)။ ။ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် တိုက်ပွဲများတွင် တပ်မတော်ကို အပြစ်တင်ရန် မသင့်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က စက်တင်ဘာ ၂၉ရက်တွင် မဇ္ဈိမကို ပြောသည်။
၂၀၁၄ ခုနှစ် ဩဂုတ်လ ၀၈ ရက် နေပြည်တော် ဇဗ္ဗူ သီရိမြို့နယ်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (MICC 1) တွင် ပြည်တွင်း၊ ပြည်ပ မီဒီယာများကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် မှ သီးသန့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
“အခုဖြစ်နေတာက ကရင်လက်နက်ကိုင်လို့ပြောလို့မရပါဘူး။ ဒီကေဘီအေ တစ်ဖွဲ့တည်းပါ။ ဒါကလည်း သူတို့က မြို့ထဲမှာ လက်နက်တွေကိုင် လျှောက်သွားနေတာတွေ ထိုင်းက ကုန်ကားတွေကို တားတာတွေကြောင့်ပါ။ ကိုယ့်သဘောနဲ့ကို အုပ်ချုပ်ရေးကို ၀င်မတားဖို့ ပြောထားတယ်။ ဘယ်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးမှ အဲဒီလိုလုပ်တာကို လက်ခံမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
ဖြစ်ပွားနေသည့် ပဋိပက္ခများဖြေရှင်းရေးနှင့် ယင်းကြောင့် ငြိမ်းချမ်းရေးဆောင်ရွက်နေမှုများ မထိခိုက်စေ ရန် မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းနှင့် DKBA ခေါင်းဆောင်ပိုင်းတို့ ဆွေးနွေးနေကြပြီး မကြာမီတွင် ဖြေရှင်းသွားနိုင်မည်ဟု ပြောသည်။
တပ်မတော် ခြေလျင်တပ်ရင်း ၂၇၅ က စက်တင်ဘာ ၁၄ ရက်တွင် မြ၀တီမြို့အတွင်း လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံးကို ယူနီဖောင်းနှင့်တကွ လက်နက်ကိုင်ဆောင်မှု မပြုရန် သတိ ပေးပြီးနောက် ယင်းသို့ ပဋိပက္ခ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်တပ်များ ရင်ဆိုင်ပစ်ခတ်မှုအချို့ကြောင့် စက်တင်ဘာ ၂၉ ရက်အထိ ကရင်အကျိုးပြု တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိ သူတစ်ဦး သေဆုံးခဲ့ရသည်။ ထို့ပြင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အနီး ကရင်ပြည်နယ်အစပ်တွင် ပိတ်မိနေသဖြင့် လမ်းကြောင်းဖွင့်ပေးရန် DKBA တို့ တောင်းဆို ထားသည်။ ယင်းကို တပ်မတော်ဘက်ကလည်း စက်တင်ဘာ ၂၆ ရက် ကျိုက်မရော တိုက်ပွဲအတွင်း သိမ်းဆည်းထားသော လက်နက်များပြန်ပေးရန် ညှိနှိုင်းထားသည်ဟု DKBA ဘက်က ပြောသည်။
ဒီကေဘီအေသည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာတွင် ပမာဏအပစ်ရပ်စဲရေး လက်မှတ် ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။ ယင်းနောက် ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် လေးကြိမ် တပ်မတော်နှင့် ရင်ဆိုင် ထိတွေ့မှု ဖြစ်ဖူးသည်။

Mizzima

No comments:

Post a Comment